ကနီမြို့နယ် အုပ်ချုပ်ရေးမှူးကို ဒေသခံတွေ ဆန္ဒပြ


2017.10.08
kani-protest-622 စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် အုပ်ချုပ်ရေးမှူး အဂတိလိုက်စားတာ အရေးယူပေးဖို့ အောက်တိုဘာလ ၈ ရက်နေ့က ဒေသခံတွေ ဆန္ဒပြစဉ်
Photo: Ko Ko Naing (facebook)

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် အုပ်ချုပ်ရေးမှူးကို အဂတိလိုက်စားလို့ဆိုပြီး ထိထိရောက်ရောက် အရေးယူပေးဖို့ ဒေသခံ ၁၅၀၀ လောက်က ဒီကနေ့ ကနီမြို့နယ်မှာ ဆန္ဒပြတောင်းဆိုကြပါတယ်။

မြို့နယ်အုပ်ချုပ်ရေးမှူးဟာ သားသတ်လိုင်စင်ကိစ္စ၊ တယ်လီဖုန်းတာဝါတိုင်ကိစ္စနဲ့ လယ်ယာမြေကိစ္စတွေမှာ အဂတိလိုက်စားတာကြောင့် ဆန္ဒပြတာဖြစ်တယ်လို့ ဆန္ဒပြပွဲဦးဆောင်သူ ကိုပြည့်အောင်နိုင်က ပြောပါတယ်။

"ကနီမြို့နယ် အုပ်ချုပ်ရေးမှူးက သားသတ်လိုင်စင်ကိစ္စတွေ၊ တာဝါတိုင်ကိစ္စတွေ၊ လယ်ယာမြေ ကိစ္စတွေမှာဆိုရင် အဓိကအားဖြင့် အဂတိလိုက်စားပြီး ငွေတောင်းတယ်။ ကာယကံရှင်တွေက တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းတို့ထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့ထံကို တိုင်ထားတာ နှစ်ကြိမ်လောက်ရှိပြီ။ တိတိကျကျနဲ့ ထိရောက်စွာ ဖြေရှင်းဆောင်ရွက်ပေးမှု မရှိဘူး။ အဂတိလိုက်စားမှုဆိုတဲ့ အဆိပ်တောက်တွေသာ ရှိနေမယ်ဆိုရင် တရားဥပဒေစိုးမိုးရေးလည်း မရှိလာနိုင်ဘူး။ သွားနေတဲ့ နိုင်ငံတော်ရဲ့လမ်းစဉ်လည်းကြာမယ်။ အဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့လို အမှန်တရားလိုလားတဲ့ ပြည်သူတွေက ဆန္ဒထုတ်ဖော်တာပါ"

ဒေသခံတွေဟာ ကနီမြို့နယ် အုပ်ချုပ်ရေးမှူးကို တိုင်ကြားထားတဲ့အတွက် ကာယကံရှင်တွေ၊ သက်သေတွေကိုး စစ်ဆေးထားပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ပြီးခဲ့တဲ့ သြဂုတ်လက တင်ပြပေးထားတယ်လို့ ကနီမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောပါတယ်။

ဆန္ဒပြသူတွေဟာ ကနီမြို့နယ်ခန်းမနဲ့ ရွှေမြင်းဖြူဘုရားမုဒ်ပေါက်မှာ စုဝေးခဲ့ကြပြီး ကမ်းနားလမ်းကနေ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ရုံးရှေ့အထိ လမ်းလျှောက်ဆန္ဒပြကြတာလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။