ကနီတိုက်ပွဲ လေးရက်အတွင်း နှစ်ဖက်သေဆုံးထိခိုက်မှု ဒါဇင်နဲ့ချီပြီး ရှိနေ

2021.05.27
ကနီတိုက်ပွဲ လေးရက်အတွင်း နှစ်ဖက်သေဆုံးထိခိုက်မှု ဒါဇင်နဲ့ချီပြီး ရှိနေ ကနီမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲကြောင့် သေဆုံးသွားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်သားတစ်ဦးရဲ့ ရုပ်အလောင်းကို သင်္ဂြိုဟ်ဖို့ ပြင်ဆင်ထားစဉ်
Photo CJ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ မေလ ၂၂ ရက်ကနေ ၂၅ ရက်နေ့အထိ တိုက်ပွဲတွေဖြစ်ခဲ့ပြီး၊ လေးရက်အတွင်း ကာကွယ်ရေးတပ်ဘက်က ၁၁ ယောက်သေဆုံးပြီး၊ စစ်ကောင်စီဘက်က ၅၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ကနီမြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

ဒေသကာကွယ်ရေးတပ်ဘက်က သေဆုံးသူ ၁၁ ယောက်အနက်၊ ကိုးယောက်ကို ဘယ်သူဘယ်ဝါဆိုတာ အမည်နာမသိရှိထားပြီးဖြစ်ပေမဲ့၊ ကျန် နှစ်ယောက်ကတော့ အခုချိန်ထိ ပိုင်ရှင်မဲ့ ရုပ်အလောင်းတွေ ဖြစ်နေ ဆဲလို့ ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

မေလ ၂၂ ရက်နေ့က၊ စစ်သား ၇၀ လောက် မျှိုင်းရွာကိုလာရောက်စဉ် ဒေသကာကွယ်ရေးတပ်က ရွာအဝင်မှာ ကတည်းက မိုင်းထောင်ပြီး ကြိုတိုက်ခဲ့တာကြောင့်၊ စစ်သား ၅၀ လောက် သေဆုံးခဲ့တာဖြစ်တယ်၊ သူတို့အထဲ က ၁၅ ယောက်လောက်သာ အသက်ရှင် ကျန်ရစ်တယ်လို့ အဲဒီကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။

စစ်သားတွေဘက်က ၅၀ ထက်မနည်း သေဆုံးတယ်ဆိုတဲ့အချက်နဲ့ ပတ်သက်ပြီး အတိအကျ အတည်ပြုနိုင်ဖို့ အတွက် RFA ကနေ စစ်ကောင်စီ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို ဖုန်းဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

မျှိုင်းရွာတိုက်ပွဲမှာ အထိနာခဲ့တဲ့စစ်သားတွေဟာ၊ လက်နက်ကြီးတွေနဲ့ ရွာတွေဘက်ကို ပစ်ခတ်ခဲ့ပြီး၊ တောင်ကုန်းပေါ်ကဇရပ်မှာ တပ်စခန်းချပြီး ရွာကိုစောင့်ကြည့်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

နောက်ရက်မှာတော့ ရွာထဲကို စစ်သားတွေဝင်လာပြီး ရွာသားနှစ်ယောက်ကို ပစ်သတ်သွားတယ်လို့ ကနီ မြို့နယ် ကာကွယ်ရေးအဖွဲ့ဝင်တစ်ယောက်က RFA ကို ပြောပါတယ်။

ကနီမြို့နယ်မှာ တူမီးသေနတ်အသုံးပြုတဲ့ ဒေသကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်တွေအကြား၊ ဧပြီလ နှစ်ရက်နေ့ကစပြီး မေလ ၂၆ ရက်နေ့အထိ မကြာခဏ တိုက်ပွဲတွေဖြစ်ပွားတာကြောင့်၊ နှစ်လနီးပါးအတွင်းမှာ ကနီကာကွယ်ရေးတပ်ဘက်က ၅၀ ကျော် သေဆုံးခဲ့ပြီး၊ စစ်တပ်ဘက်က ၃၀၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ လည်း ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တွေက ပြောပါတယ်။

တပ်မတော်ဘက်ကို ဖုန်းဆက်သွယ်လို့မရတာကြောင့် ဒီသေဆုံးထိခိုက်မှုတွေနဲ့ ပတ်သက်ပြီး၊ RFA က သီးသန့် အတည်ပြုနိုင်ခြင်းတော့ မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။