အစ္စလာမ်ဘာသာဝင်တွေကို နိုင်ငံသားကတ် ထုတ်ပေးတာ ပြန်စိစစ်ဖို့ ကမန်ပါတီစာပို့


2018.09.04
tinwinhlaing-kaman-party-622.jpg ကမန်အမျိုးသားတိုးတက်ရေးပါတီ အတွင်းရေးမှူး ဦးတင်လှိုင်ဝင်း ကို တွေ့ရစဉ်
Photo: RFA

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာမှာ အစ္စလာမ်ဘာသာဝင် ၃ဝဝဝ ကျော်ကို ကမန်တိုင်းရင်းသားတွေ ဆိုပြီး နေပြည်တော် လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနက နိုင်ငံသားစိစစ်ရေး ကတ်ပြားတွေ ထုတ်ပေးနေတာကို ပြန်လည်စိစစ်ပေးဖို့ ကမန်အမျိုးသား တိုးတက်ရေးပါတီက နိုင်ငံတော် သမ္မတဆီ ဒီကနေ့ စာပေးပို့လိုက်ပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၁၇ ခုနှစ်ကုန်ပိုင်းကတည်းက အခုလိုထုတ်ပေးနေတာလို့ ကမန်အမျိုးသားတိုးတက်ရေးပါတီ အတွင်းရေးမှူး ဦးတင်လှိုင်ဝင်းက ပြောပါတယ်။

“ပြီးခဲ့တဲ့ ၂ဝ၁၇ ဒီဇင်ဘာလကနေ အခု သြဂုတ်လအထိ ပေါ့ဗျာ၊ သူတို့က ရခိုင်လည်းမသိအောင်၊ ကမန်လည်းမသိအောင် နည်းနည်း... နည်းနည်းနဲ့ လုပ်သွားတာဗျ။ ကျနော်တို့ တိုင်းရင်းသားတွေကတော့ အဲဒီမှာ ရကြပါတယ်၊ ဒါပေမဲ့ ကမန်မဟုတ်တဲ့သူတွေက ၃၃ဝ၆ ဦး အခု ထုတ်ပေးလိုက်တယ်ဆိုပြီး ရမ်းဗြဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းမောင်ဦး ဆက်သွယ်ချက်အရ အတည်ပြုပြီး တင်ပြတာဖြစ်ပါတယ်”


ကမန်တိုင်းရင်းသားတွေဟာ အစ္စလာမ်ဘာသာ ကိုးကွယ်သူတွေဖြစ်ပြီး ရခိုင်မျိုးနွယ်စုတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ စစ်အစိုးရလက်ထက်ကလည်း အခုလို နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခဲ့တာတွေကြောင့် ၂ဝ၁၂ ခုနှစ် ရခိုင်ပြည်အရေးအခင်းမှာ ကမန်တိုင်းရင်းသားတွေကို တခြား အစ္စလာမ်ဘာသာဝင်တွေနဲ့ ရောနှောပြီး တိုက်ခိုက်ခံရတာတွေ ရှိခဲ့တာကြောင့် ပြန်လည်စိစစ်ပေးဖို့ တောင်းဆိုတာလို့ ပြောပါတယ်။

အဲဒီအရေးအခင်းပြီးကတည်းက ရမ်းဗြဲမြို့နယ်ထဲက ကမန်တိုင်းရင်းသား ၅ဝဝ ကျော်လောက် ရန်ကုန်မြို့ကို ပြောင်းရွှေ့နေထိုင်ခဲ့ကြပြီး လက်ရှိ ကျောက်နီမော်ကျေးရွာမှာ ကမန်တိုင်းရင်းသား ၂ဝဝ ကျော်သာ ကျန်တော့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။