ကလေးမြို့မှာ ရေဘေးဒုက္ခသည် တစ်သောင်းကျော်ရှိလာ


2017.09.22
kalay-flooding-622.jpg စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှာ ရေကြီးနေတာကို တွေ့ရစဉ်
Photo: Chit Zaw Oo facebook

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်နဲ့ ကလေးဝမြို့နယ်တွေမှာ မြစ်သာမြစ်ရေ မြင့်တက်တာကြောင့် ကလေးမြို့က ကယ်ဆယ်ရေးစခန်းတွေကို ပြောင်းရွှေ့လာသူအရေအတွက်ဟာ မနေ့ကအထိ ၁ သောင်းကျော် ရှိနေပြီလို့ တိုင်းဒေသကြီး ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဦးစီးဌာနက ပြောပါတယ်။

ဒီနေ့မှာတော့ မြစ်ရေပြန်ကျနေတာကြောင့် ကယ်ဆယ်ရေးစခန်းတွေကို ထပ်ပြီး ပြောင်းရွှေ့လာသူတွေ မရှိကြောင်းနဲ့ တချို့လမ်းပိုင်းတွေက လက်ရှိအချိန်အထိ သွားလာလို့ မရသေးဘူးလို့ စစ်ကိုင်းတိုင်းဒေသကြီး ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဦးစီးဌာန ဦးစီးမှူး ဦးစဝီလီဖရန့်က ပြောပါတယ်။

"လူဦးရေက အခုဆိုရင် ၁ သောင်းကျော်ကျော်ပေါ့။ ၁ သောင်း ၁ ရာ ကျော်လောက်တော့ ရှိတယ်ဗျ၊ မနေ့ကအထိပေါ့။ အခုကတော့ ၃ ပေလောက်အထိ ကျသွားပြီဗျ၊ အခုအနေထားက အခုလောလော ဆယ်တော့ မုံရွာကနေ ကလေးအထိတော့ သွားလို့ရပါပြီ။ လောလောဆယ် တမူးအထိကတော့ မရသေး ဘူး။ မနက်ဖြန်လောက်ဆိုရင်တော့ သွားလို့ရမယ့် အနေထားရှိပါတယ်"

ကလေးမြို့နယ်နဲ့ ကလေးဝမြို့နယ်တွေက ကျေးရွာ ၂၂ ခုမှာ ရေလွှမ်းမိုးနေတာဖြစ်ပြီး ကလေးမြို့မှာ ကယ်ဆယ်ရေးစခန်း ၁၇ ခု ဖွင့်လှစ်ထားပြီး ဖြစ်ပါတယ်။ ရေဘေးသင့်ပြည်သူတွေရဲ့ စားဝတ်နေရေးကို လက်ရှိအချိန်မှာ ကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဦးစီးဌာနက ထောက်ပံ့နေတယ်လို့ သိရပါတယ်။

မြစ်သာမြစ်ရေဟာ ဒီကနေ့မှာ ကလေးမြို့ရဲ့ စိုးရိမ်ရေမှတ်ကို ၃ ပေခွဲလောက် ကျော်နေပြီး နောက် ၁ ရက်အတွင်း စိုးရိမ်ရေမှတ်အောက်ကို ကျဆင်းနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

ချင်းတွင်းမြစ်ရေဟာလည်း မင်းကင်းမြို့မှာ ပေဝက်လောက်၊ မုံရွာမြို့မှာ ၁ လက်မလောက်အထိ စိုးရိမ်ရေမှတ်ကို ကျော်လွန်နေပြီး နောက် ၂ ရက်အတွင်း ရေပြန်ကျနိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။