ရခိုင်ဌာနေ တိုင်းရင်းသား အခွင့် အရေး ကာကွယ်ရေး ကော်မတီ ဖွဲ့စည်း
2014.03.31

ရခိုင်ပြည်နယ် ဌာနေတိုင်းရင်းသား အခွင့်အရေးနဲ့ ထိခိုက်နစ်နာမှုတွေကို ဖြေရှင်းဆောင်ရွက်ပေးမယ့် ရည်ရွယ်ချက်နဲ့ ဌာနေတိုင်းရင်းသားများအခွင့်အရေး ကာကွယ်စောင့်ရှောက်မှုကော်မတီ ( ယာယီ ) ကို သံတွဲမြို့နယ် ပုဇွန်ဖြေကျေးရွာမှာ မနေ့က ဖွဲ့စည်း လိုက်ပါတယ်။
ရခိုင်ရိုးမက သစ်တောတွေကို စီးပွားရေးလုပ်ငန်းရှင် ကြီးတွေက ခုတ်ထွင်ရှင်းလင်းနေတာကို တားဆီး ကာကွယ်မယ်လို့လည်း ဒီကော်မတီဝင်တစ်ဦးဖြစ်တဲ့ ဦးသုလင်းဝေ ကပြောပါတယ်။
"ရခိုင်ရိုးမကို အပြောင်ရှင်းနေတာဟာ ရခိုင် တိုင်းရင်းသားတွေရဲ့ဘဝကို သတ်နေတာနဲ့ အတူတူပဲ ကျနော်တို့က ယူဆ တယ်၊ရခိုင်တော အပြောင်ရှင်းခြင်းကိစ္စကိုလည်း ကျနော်တို့က မရ၊ရတဲ့နည်းနဲ့ ဟန့်တားဖို့ကြိုးစားရမှာပဲ"
ကော်မတီဝင် ၄၈ ဦးနဲ့ဖွဲ့စည်းတာဖြစ်ပြီး ဌာနေ တိုင်းရင်းသားအခွင့်အရေး တွေကိုကာကွယ် စောင့်ရှောက်တဲ့ ပြည်တွင်းက တခြားအဖွဲ့အစည်းတွေနဲ့ရော အာဆီယံ- အရှေ့တောင်အာရှ နိုင်ငံများအသင်းဝင် ဒေသတွင်းဌာနေတိုင်းရင်းသား အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ပေးတဲ့ အဖွဲ့အစည်းတွေနဲ့ပါ ချိတ်ဆက်ဆောင်ရွက်မယ်လို့ ကော်မတီက ထုတ်ပြန် တဲ့ကြေငြာချက်မှာ ပါရှိပါတယ်။
ဒါ့အပြင် ပင်လယ်ပြင် သယံဇာတတွေကို ဥပဒေမဲ့ ဖမ်းဆီးထုတ်ယူသုံးစွဲ နေတာတွေကိုလည်း စောင့်ကြည့် တားဆီးသွားမယ် လို့ ကြေငြာချက် မှာ ရေးသားထားပါတယ်။