သက်ငယ်မုဒိမ်းမှုပပျောက်ရေး ပူတာအိုဒေသခံ ထောင်နဲ့ချီ ဆန္ဒပြတောင်းဆို

RFA Burmese
2024.05.13
သက်ငယ်မုဒိမ်းမှုပပျောက်ရေး ပူတာအိုဒေသခံ ထောင်နဲ့ချီ ဆန္ဒပြတောင်းဆို သက်ငယ်မုဒိမ်းမှုပပျောက်ရေးအတွက် ၂ဝ၂၄ ခုနှစ် မေ ၁၃ ရက်နေ့က ကချင်ပြည်နယ် ပူတာအိုဒေသခံများ မြို့တွင်းတွင် လှည့်လည်ဆန္ဒပြကြစဉ်။
Photo: Citizen Journalist

သက်ငယ်မုဒိမ်းမှုပပျောက်ရေးအတွက် ပူတာအိုဒေသခံ ထောင်ပေါင်းများစွာဟာ မေ ၁၃ ရက်နေ့က ပူတာအိုမြို့တွင်းကို လှည့်လည်ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

ပူတာအိုမြို့တွင်း ရပ်ကွက် ခြောက်ခုလောက်မှာ လှည့်လည်ဆန္ဒပြခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပူတာအိုဒေသခံ တစ်ဦးက ပြောပါတယ်။

"ဒုတ္တန်၊ လုံးစွတ်၊ ကောင်ကထောင်၊ လေယာဉ်ကွင်း၊ အောက်ချိုင့်၊ မြို့မစတဲ့ ရပ်ကွက်တွေမှာ လှည့်လည်ပြီး သက်ငယ်မုဒိမ်းမှု ပပျောက်ရေးအတွက် ဆန္ဒပြခဲ့တာပါ"

ပူတာအိုဒေသခံ အသက် ၁၅ နှစ်အရွယ် မဒူနော်ဟာ ပြီးခဲ့တဲ့ မေလ ၁ဝ ရက်နေ့ နေ့လယ်က ဒုတ္တန်ရပ်ကွက်မှာရှိတဲ့ လူသွားလူလာပြတ်တဲ့ သက်ကယ်တောမှာ အဓမ္မပြုကျင့်သတ်ဖြတ်ခံခဲ့ရပါတယ်။ ဒါကြောင့် ပူတာအိုဒေသခံတွေက သက်ငယ်မုဒိမ်းမှုပပျောက်ရေး မြို့တွင်းမှာ လှည့်လည်ဆန္ဒပြခဲ့တာဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပူတာအိုဒေသမှာ အသက်မပြည့်သေးတဲ့ အမျိုးသမီးငယ်တွေ အဓမ္မပြုကျင့်သတ်ဖြတ်ခံရတာတွေ ခပ်စိပ်စိပ်ဖြစ်လာတယ်လို့ ဒေသတွင်းသတင်းမီဒီယာတွေက ဖော်ပြပါတယ်။

ဒါကြောင့် သက်ငယ်မုဒိမ်းမှုကျူးလွန်သူတွေကို သေဒဏ်ပေးဖို့အထိပါ မေလ ၁၃ ရက်နေ့က ဆန္ဒပြပွဲမှာတောင်းဆိုတာတွေရှိခဲ့တယ်လို့ Kachin News Group သတင်းဌာနက ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။