ကချင်စစ်ရေး ကြားဝင်ဆောင်ရွက်ဖို့ အစိုးရ ခွင့်ပြုချက်လိုကြောင်း ဒေါ်စုပြော
2013.01.07

Photo: RFA/Nay Myo Htun
ကချင်ပြည်နယ်ပြဿနာကို ဝင်ရောက်ဆောင်ရွက်မှာပါလားလို့ AFP က မေးမြန်းရာမှာ ဒီကိစ္စဟာ အစိုးရအပေါ် တည်ပါတယ်၊ အခုလောလောဆယ်မှာ ဒီကိစ္စကို အစိုးရက ကိုင်တွယ်နေတာပါ၊ ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းဆောင်ရွက်ရာမှာ ပါဝင်ဖို့အတွက် အစိုးရဆီက တရားဝင်ကမ်းလှမ်းလာဖို့ လိုအပ်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ စနေနေ့က ကချင်ငြိမ်းချမ်းရေး ဆွေးနွေးရေးအကျိုးဆောင်အဖွဲ့ဝင် ဦးယွပ်ဇော်ခေါင် က ကချင်ပြဿနာမှာ ပြည်တွင်းပြည်ပမှာသြဇာရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးက ကြားဝင်ဆောင်ရွက်သင့်ကြောင်း၊ ဆောင်ရွက်ဖို့တာဝန်လည်းရှိကြောင်း တိုက်တွန်းပြောဆိုခဲ့ပါတယ်။