စစ်ခေါင်းဆောင် အာဏာလက်လွှတ်ဖို့ ကုလအတွင်းရေးမှူးချုပ်ပြော

RFA Burmese
2025.01.31
စစ်ခေါင်းဆောင် အာဏာလက်လွှတ်ဖို့ ကုလအတွင်းရေးမှူးချုပ်ပြော ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့က ကမ္ဘာ့စီးပွားဖိုရမ် (WEF) နှစ်ပတ်လည်အစည်းအဝေးတွင် မိန့်ခွန်းပြောကြားနေသည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် (Antonio Guterres) အား တွေ့ရစဉ်။
AFP

အားလုံးပါဝင်တဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးဖြစ်ဖို့ စစ်ကောင်စီဟာ အာဏာကို လက်လွှတ်ရမယ်လို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြောလိုက်ပါတယ်။

လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အပါအဝင် ပြင်းထန်နေတဲ့ ပဋိပက္ခတွေကြား စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပမယ့်အပေါ် စိုးရိမ်ပူပန်တယ်လို့ ဆိုပါတယ်။ ဒီအခြေအနေတွေမှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး ငြိမ်းချမ်းမှုရှိမှာမဟုတ်ဘူးလို့လည်း သူက သတိပေးလိုက်ပါတယ်။

မြန်မာပြည်မှာ စစ်ကောင်စီ အာဏာသိမ်းခဲ့တာ လေးနှစ်ပြည့်နေ့အတွက် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်က ကြာသာပတေးနေ့မှာ ကြေညာချက်ထုတ်ပြန် ပြောခဲ့တာပါ။

အာဏာသိမ်းပြီးနောက် သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး မြန်မာနိုင်ငံဟာ လူသားချင်းစာနာထောက်ထားမှုနဲ့ လူ့အခွင့်အရေးဆိုင်ရာ အကျပ်အတည်းအတွင်း ကျဆင်းသွားခဲ့သလို ပြင်းထန်လာတဲ့ ပြည်တွင်းပဋိပက္ခတွေကြားမှာ ဆိုးဝါးတဲ့အခြေအနေတွေနဲ့ ရင်ဆိုင်လာခဲ့ရတယ်လို့ ပြောပါတယ်။

အကြမ်းဖက်မှုပုံစံအားလုံးကို ရှုတ်ချကြောင်းနဲ့ ပဋိပက္ခမှာ ပါဝင်ပတ်သက်သူအားလုံးအနေနဲ့ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေအားလုံးကို လိုက်နာဖို့နဲ့ အကြမ်းဖက်မှုနဲ့ လူမျိုးရေးဆိုင်ရာတင်းမာမှုတွေ ထပ်မံမဖြစ်ပွားအောင် တားဆီးဖို့လိုတယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောလူအခွင့်အရေးကျွမ်းကျင်သူ တွမ်အင်ဒရူးကတော့ စစ်အစိုးရရဲ့ ရွေးကောက်ပွဲအစီအမံတွေဟာ လိမ်လည်မှုတွေဖြစ်ပြီး အတိုက်အခံခေါင်းဆောင်တွေကို ဖမ်းဆီး၊ ထိန်းသိမ်း၊ ကွပ်မျက်နေတဲ့ မီဒီယာလွတ်လပ်ခွင့်ကို ပြစ်မှုလိုကျင့်သုံးနေချိန်မှာ တရားဝင်မဲပေးပွဲတွေ ကျင်းပနိုင်ဖို့ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။

“စစ်အစိုးရတပ်တွေက အရပ်သားထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့သလို ဗုံးခွဲတာ၊ ရွာတွေကို မီးရှို့တာတွေကြောင့် သန်းနဲ့ချီတဲ့ ပြည်သူတွေ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။ နိုင်ငံရေးအကျဉ်းသားနှစ်သောင်းကျော်လည်း အကျဉ်းကျခံနေပါတယ်။” လို့ တွမ်အမ်ဒရူးက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်မှာ စီးပွားရေးနဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေ ပြိုလဲသွားပြီး အငတ်ဘေးဟာ လူဦးရေတော်တော်များများအပေါ် သက်ရောက်လာခဲ့တယ်လို့ သူက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ပြန်မာပြည်ဟာ ငတ်မွတ်ခေါင်းပါးမှု စိုးရိမ်ဖွယ်အဆင့်ကို ရောက်လာပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က လူဦးရေ ၁၃ ဒသမ ၃ သန်း ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို ခံစားခဲ့ရာကနေ အခု ၂၀၂၅ ခုနှစ်မှာ လူဦးရေ ၁၅ သန်း ငတ်မွတ်ခေါင်းပါးနိုင်တယ်လို့ ကုလသမဂ္ဂစာရင်းတွေမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။