ဇွန်၂၅နှစ်ပြည့် ကျောင်းသား လှုပ်ရှားမှု ရန်ကုန်မှာ ကျင်းပ
2013.06.16

၁၉၈၈ ခုနှစ် ဇွန်လ ကျောင်းသားလှုပ်ရှားမှု ၂၅ နှစ်ပြည့်အခမ်းအနားကို အဲဒီအချိန်က ပါဝင်လှုပ်ရှားခဲ့သူတွေက ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ဒီနေ့ကျင်းပဖို့စီစဉ်ထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ အခမ်းအနားစီစဉ်ရေးမှာပါဝင်တဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပြည်တွင်း ဥက္ကဌ ကိုဇေယျက အခုလိုပြောပါတယ်။
"၈၈ ဒီမိုကရေစီ အရေးတော်ပုံကို ပေါ်ပေါက်စေ ခဲ့တဲ့ ၈၈ ဇွန် ကျောင်းသားလှုပ်ရှားမှုက အဓိကကျ တဲ့ အခန်းကဏ္ဍကနေ ပါဝင်နိုင်တဲ့ အနေအထား အရ မေ့မရတဲ့ဒီဟာလေးကို ငွေရတုအထိမ်းအမှတ် အနေနဲ့ ပီပီပြင်ပြင်ကျင်းပနိုင်ဖို့ ပြင်ဆင်ထား ပါတယ်"
၁၉၈၈ ခုနှစ် မတ်လက စက်မှုတက္ကသိုလ်ကျောင်းသား ကိုဘုန်းမော်နဲ့ကိုစိုးနိုင်တို့ကို မဆလအစိုးရ လုံထိန်းတပ်တွေရဲ့ပစ်ခတ်မှုကြောင့် သေဆုံးရတာ၊ အင်းလျားကန်ဘောင်မှာ ကျောင်းသားတွေရဲ့ ဆန္ဒပြမှု အကြမ်းဖက်ဖြိုခွဲခံရပြီး ကျောင်းသားအမြောက်အများ ဖမ်းဆီးထိန်းသိမ်းခံရတာတွေဖြစ်ခဲ့တဲ့အတွက် ရန်ကုန်တက္ကသိုလ် ကျောင်းသားတွေက အစိုးရဆန့်ကျင်ရေးကို ဇွန်လမှာ ဆက်လက်လှုပ်ရှားခဲ့တာပါ။
အဲဒီလှုပ်ရှားမှုမှာ ကိုဘုန်းမော်၊ ကိုစိုးနိုင်တို့အသတ်ခံရမှုအတွက် တာဝန်ရှိသူတွေကို အရေးယူပေးဖို့၊ ဖမ်းဆီးကျောင်းသားပြန်လွှတ်ပေးဖို့တွေတောင်းဆိုခဲ့ကြပြီး ရန်ကုန်တက္ကသိုလ် ကျောင်းဝင်းထဲမှာ သပိတ်မှောက်တဲ့အဆင့်ကနေ လမ်းတွေပေါ်ထွက်ပြီး ချီတက်တဲ့အထိဖြစ်လာခဲ့ပါတယ်။
ချီတက်လာတဲ့ကျောင်းသားတွေကို ရန်ကုန်မြို ့ မြေနီကုန်းအရောက်မှာ လုံထိန်းတပ်ဖွဲ့တွေက အကြမ်းဖက် နှိမ်နင်းခဲ့တဲ့အတွက် အရပ်သားပြည်သူတွေနဲ့လုံထိန်းတွေကြား အဓိကရုဏ်းဖြစ်ပြီး လုံထိန်းတပ်ဖွဲ့ဝင်တချို့ရော ကျောင်းသား ပြည်သူတွေဘက်ပါ နှစ်ဘက်သေကြေဒဏ်ရာရခဲ့ကြပါတယ်။
၁၉၈၈ ခုနှစ် ဇွန်လ ကျောင်းသားလှုပ်ရှားမှုကို ဦးဆောင်ခဲ့သူတစ်ဦးဖြစ်တဲ့ ကိုမိုးသီးဇွန်ရဲ့ အတွေ့အကြုံတချို့ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က ဆက်သွယ်မေးမြန်းထားပါတယ်။