အလုပ်အကိုင် အခွင့်အလမ်းပြပွဲ ကျင်းပ
2012.08.25
အလုပ်အကိုင် အခွင့်အလမ်းပြပွဲမှာ လာရောက် လေ့လာအလုပ်လျှောက်ကြတဲ့ လူငယ်တွေဆီက ရတဲ့ အချက်အလက်တွေက တဆင့် နောက်ထပ်လိုအပ်တာတွေ ဆက်လက်ဖြည့်ဆည်း ဆောင်ရွက်ပေးသွားဖို့ ရည်ရွယ်ပြီး ဒီပွဲကိုကျင်းပတာ ဖြစ်ကြောင်း ပွဲကို ဦးဆောင်စီစဉ်တဲ့ မြန်မာစွန့်ဦးတည်ထွင် လုပ်ငန်းရှင်များအသင်းရဲ့ တွဲဖက် အတွင်းရေးမှုး ၂ ဒေါ်သင်းသင်းဆက်က RFA ကိုပြောပါတယ်။
ပြပွဲမှာ အလုပ်သမား အမြောက်အများ လိုအပ်နေတဲ့ ပြည်တွင်းပြည်ပ ကုမ္ပဏီလုပ်ငန်းရှင် ၁၂၆ ဦးက ဆိုင်ခန်းတွေဖွင့်ကာ လုပ်ငန်းရဲ့သဘောသဘာဝတွေကို ရှင်းလင်းပြသပြီး သူတို့လုပ်ငန်း အတွက် လိုအပ်တဲ့ အလုပ်သမား ရှာဖွေကြပါတယ်။ လုပ်ငန်းအတွက် လိုအပ်တဲ့အရည်အချင်းနဲ့ ကိုက်ညီရင် တခါထဲ အလုပ်ခန့်လိုက်တာမျိုးလည်း ရှိတယ်လို့ ဒေါ်သင်းသင်းဆက်က ပြောပါတယ်။
ပထမအကြိမ် အလုပ်အကိုင် အခွင့်အလမ်းပြပွဲကို ၂၀၁၂ မတ်လမှာ ပြုလုပ်ခဲ့ပြီး လိုအပ်ချက်အရ တနှစ်ထဲမှာ ခုလို ဒုတိယအကြိမ် ကျင်းပတာဖြစ်ကြောင်း သိရပါတယ်။ ဦးစီးကျင်းပတဲ့အသင်းက ကောက်ယူထားတဲ့ စာရင်း အရ အလုပ်အကိုင် အခွင့်အလမ်းပြပွဲကို လာရောက်လေ့လာသူတွေထဲမှာ ၂၃ ရက်နေ့မှာ အလုပ်လျှောက်သွားသူ ၃၉၉၀ ရှိပြီး ဒီကနေ့မှာ အလုပ်လျောက်သွားသူ ကတော့ ၈၅၉၀ ရှိတယ်လို့ သိရပါတယ်။ ပြပွဲကို မနက်ဖန်မှာ နောက်ဆုံးနေ့အဖြစ် ဆက်လက်ကျင်းပမယ်လို့ သိရပါတယ်။