မြန်မာ့တပ်မတော် ပိုမိုအားကောင်း ဖို့ ဂျပန် ကူညီမယ်
2016.09.24

ဂျပန်နဲ့ မြန်မာနိုင်ငံအကြား လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးချဲ့ဖို့ မြန်မာကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းနဲ့ ဂျပန် ကာကွယ်ရေး ဝန်ကြီး Tomomi Anada တိုမိုမီး အနားဒ တို့ စက်တင်ဘာ ၂၁ ရက်နေ့က သဘောတူညီခဲ့ကြောင်း အပတ်စဉ်ထုတ် ဂျိန်း ကာကွယ်ရေး စာစောင်မှာ မနေ့ က ဖေါ်ပြလိုက်ပါတယ်။ အဲဒီလို သဘောတူညီခဲ့ကြောင်း ဂျပန်အရာရှိတဦးက ကျိုဒို သတင်းဌာနကို ပြောကြားတယ်လို့ ဆိုပါတယ်။
အဆိုပါ သဘောတူညီချက်အရ မြန်မာ့တပ်မတော်ကို အင်အား ပိုမိုခိုင်မာ တောင့်တင်းလာအောင် ဂျပန်က ကူညီ မယ်လို့ သိရပါတယ်။ ဒါ့အပြင် အဲဒီ သဘော တူညီချက်မှာ ဂျပန်ကာကွယ်ရေးတက္ကသိုလ်မှာ မြန်မာကျောင်း သားတွေလာရောက် ပညာသင်ကြားရေးစတဲ့ တခြားအချက်တွေလည်း ပါဝင်တယ်လို့ ပြောပါတယ်။
တိုကျိုမြို့က တွေ့ဆုံပွဲမှာ မြန်မာနဲ့ ဂျပန် ကာကွယ်ရေးဝန်ကြီး ၂ ဦးလုံးက တောင် တရုတ်ပင်လယ်ဒေသ တင်းမာမှုအပါအဝင် အငြင်းပွားမှုတွေ ကို တွေဆုံဆွေးနွေးမှုနဲ့ အဖြေရှာဖို့ အရေးကြီးကြောင်းလည်း အခိုင်အမာ ထပ်လောင်း အတည်ပြုခဲ့ကြတယ်လို့ အပတ်စဉ်ထုတ် ဂျိန်းကာကွယ်ရေး စာစောင်မှာ ဖေါ်ပြထားပါတယ်။