ရခိုင်ပြည်နယ်အတွက် ဂျပန်က အမြန်ရေယာဉ်တစ်စီး လှူဒါန်း
2017.03.29

ရခိုင်ပြည်နယ်မှာ အချိန် ၂ နှစ်ကြာ ရပ်နားထားခဲ့တဲ့ အစိုးရရဲ့ ပြည်တွင်းရေကြောင်း ခရီးစဉ်တွေ ပြန်လည်ပြေး ဆွဲနိုင်ဖို့ ကစ္ဆပနဒီ(၁) လို့ အမည်ပေးထားတဲ့ လူးစီးသီးသန့် နှစ်ထပ် အမြန်ရေယာဉ် တစ်စီးကို ဂျပန်နိုင်ငံက အစိုးရထံ စစ်တွေမြို့မှာ ဒီနေ့ ပေးအပ်လှူဒါန်းလိုက်ပါတယ်။
အဲဒီအမြန်ရေယာဉ်နဲ့ လာမယ့် ဧပြီလကစတင်ပြီး စစ်တွေ၊ မြေပုံ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်၊ တောင်ကုတ် စတဲ့မြို့နယ်တွေကို တစ်ပတ်မှာ နှစ်ကြိမ် ပြေးဆွဲပေးသွားမှာဖြစ်တယ်လို့ ရေယာဉ် ပေးအပ်ပွဲကို တက်ရောက် လာတဲ့ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပြောပါတယ်။
အဲဒီအမြန်ရေယာဉ်ဟာ တစ်နာရီကို ရေမိုင် ၂၀ နှုန်းလောက် မောင်းနှင်နိုင်ပြီး ခရီးသည် ၁၄၀ ကျော်ကို တင်ဆောင်နိုင်မှာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၅ မတ်လ ၁၃ ရက်နေ့က တောင်ကုတ်မြို့ကနေ စစ်တွေမြို့ကို ဦးတည်မောင်နှင် လာတဲ့ အောင်တံခွန်အမှတ်(၃) ရေယာဉ် နစ်မြုပ်ခဲ့ပြီး လူပေါင်း ၇၀ ထက်မနည်းသေဆုံးခဲ့ကာ ရခိုင်ပြည် နယ် တောင်ဘက်ပိုင်းဒေသကို ပြေးဆွဲသွားလာနေတဲ့ ရေကြောင်းပို့ဆောင်ရေးဌာနပိုင် ရေကြောင်းခရီးစဉ်တွေ အားလုံးကို ဒီနေ့အထိ ရပ်နားထားခဲ့ရတာဖြစ်ပါတယ်။
ဂျပန်နိုင်ငံက ရခိုင်ပြည်နယ်အတွက် အမြန်ရေယာဉ် ၃ စီးကို လှူးဒါန်းမှာဖြစ်ပြီး ဒုတိယမြောက် ကစ္ဆပနဒီ(၂) အမြန်ရေယာဉ်ကိုတော့ လာမယ့်မေလကုန်မှာ ထပ်မံရောက်ရှိလာမှာဖြစ်သလို တတိယမြောက် ရေယာဉ်ကိုတော့ လာမယ့်နှစ် ဒီဇင်ဘာလကုန်ပိုင်းမှာ ဆက်လက်လွှဲပြောင်းပေးအပ်သွားမှာ ဖြစ်တယ်လို့သိရပါတယ်။
ကစ္ဆပနဒီ(၁)နဲ့(၂) အမြန်ရေယာဉ်တွေဟာ ဂျပန်နိုင်ငံမှာ အသုံးပြုပြီး ရေယာဉ်တွေကို ပြင်ဆင်မွမ်းမံထားတာဖြစ်ပြီး ကစ္ဆပနဒီ(၃)ရေယာဉ်ကိုတော့ ဂျပန်အစိုးရက ယန်းငွေ သန်း ၁၀၀၀ နဲ့ အသစ်တည်ဆောက်နေတယ်လို့သိရ ပါတယ်။