မြန်မာ့အရေး ဂျပန်နဲ့ကမ္ဘောဒီးယား နှစ်နိုင်ငံပူးတွဲကြေညာချက်ထုတ်ပြန်

နေရိန်ကျော် (ဝါရှင်တန်ဒီစီ)
2022.03.20
မြန်မာ့အရေး ဂျပန်နဲ့ကမ္ဘောဒီးယား နှစ်နိုင်ငံပူးတွဲကြေညာချက်ထုတ်ပြန် ၂ဝ၂၂ ခုနှစ် မတ်လ ၂ဝ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံမှာ ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကိရှိဒနဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်တို့ တွေ့ဆုံကြစဉ်။
Photo: AFP

မြန်မာပြည်ရဲ့အခြေအနေကို အထူးစိုးရိမ်ပူပန်တယ်လို့ ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကိရှိဒနဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်တို့ရဲ့ မတ်လ ၂၀ ရက်၊ မနေ့က ပူးတွဲကြေညာချက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဒါကြောင့် အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့၊ လက်နက်ခဲယမ်းမီးကျောက်ရနေတဲ့ လမ်းကြောင်းတွေ ရပ်ဖို့၊ ငြိမ်းချမ်းတဲ့ အဖြေရအောင် သက်ဆိုင်ရာ အဖွဲ့အစည်းတွေ လူပုဂ္ဂိုလ်တွေ အားလုံးက စိတ်ရှည်ရှည်နဲ့ ဖြေရှင်းကြဖို့၊ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ဖို့နဲ့ ဒီမိုကရေစီစနစ် ပြန်ဖော်ဆောင်ပြီး ပုံမှန်အခြေအနေပြန်ရောက်အောင် ဆောင်ရွက်ဖို့ တောင်းဆိုလိုက်ပါတယ်။

ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ တရားဝင်ဖိတ်ကြားချက်အရ ဂျပန်ဝန်ကြီးချုပ်က ကမ္ဘောဒီးယားကို နှစ်ရက်ကြာ ရောက်နေပြီး နှစ်နိုင်ငံအရေးအပြင် နိုင်ငံတကာအရေးဆွေးနွေးတဲ့အထဲမှာ မြန်မာနဲ့ ယူကရိန်းကိစ္စကို ထည့်သွင်းဆွေးနွေးပြီးတဲ့နောက် ထုတ်ပြန်တဲ့ နှစ်နိုင်ငံ ပူးတွဲ ကြေညာချက်မှာ မြန်မာကိစ္စကို ဖော်ပြလိုက်တာပါ။

အဲဒီကြေညာချက်မှာ - မနှစ်က ဧပြီလမှာ ရရှိထားတဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို အပြည့်အဝ အကောင်အထည်ဖော်ဖို့ တိုက်တွန်းချက်လည်း ပါဝင်ပါတယ်။ အဲဒီအပြင် အာဆီယံအသင်းအပါအဝင်၊ နိုင်ငံတကာအဖွဲ့တွေနဲ့ ပူးပေါင်းပြီး မြန်မာ ပြည်သူတွေ လိုအပ်နေတဲ့ လူသားချင်းစာနာမှုအကူအညီတွေ ပေးပို့နိုင်ဖို့လည်း ဆွေးနွေးကြတယ်လို့ ဆိုပါတယ်။

နှစ်နိုင်ငံဝန်ကြီးချုပ်ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အာဆီယံဆိုင်ရာသံအမတ်ကြီး ဦးဘိုလှတင့်က အာဆီယံရော နိုင်ငံတကာအနေနဲ့ပါ စစ်ကောင်စီရဲ့ အချိန်ဆွဲရေးနည်းနာကို သတိထားဖို့ အကြံပြုချင်တယ်လို့ အခုလို ပြောပါတယ်။

အာဆီယံအထူးကိုယ်စားလှယ်အဖြစ်ခန့်အပ်ထားတဲ့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက် ဆော့ခွန်းကလည်း ဒီနေ့ မတ်လ ၂၁ ရက်နေ့ကနေ ၂၃ ရက်နေ့ထိ မြန်မာပြည်သွားဖို့ စီစဉ်ထားပါတယ်။

အခု မြန်မာပြည်ခရီးမှာ အာဆီယံကိုယ်စားလှယ်က သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ တွေ့ခွင့်မရရင် ဒီခရီးကနေ ထူးခြားတဲ့ ရလဒ်တစ်ခုခု ထွက်လာနိုင်စရာမရှိဘူးလို့ NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အာဆီယံဆိုင်ရာ သံအမတ်ကြီး ဦးဘိုလှတင့်က သုံးသပ်ပြောဆိုပါတယ်။

စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အာဆီယံကိုယ်စားလှယ်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တွေ့မှာ ဖြစ်သလို နိုင်ငံရေးပါတီတချို့ကပုဂ္ဂိုလ်တွေ၊ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီဝင်တွေ၊ အပစ်ရပ်စာချုပ် ချုပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က ပုဂ္ဂိုလ်တွေ၊ ဝန်ကြီးဌာနက ပုဂ္ဂိုလ်တွေနဲ့ ပေးတွေ့မှာ ဖြစ်ပြီး၊ NUG၊ CRPH တို့ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့အတွက် အာဆီယံ ကိုယ်စားလှယ်နဲ့ ပေးတွေ့မှာ မဟုတ်ဘူးလို့ မတ်လ ၁၈ ရက် နေ့က RFA ကို ပြောဆို ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။