အကျဉ်းကျ သတင်းထောက်များ လွှတ်ပေးရေး သတင်း မီဒီယာ အဖွဲ့ ၁၂ ဖွဲ့က တိုက်တွန်း

မြန်မာနိုင်ငံမှာ နှစ်ရှည် ထောင်ဒဏ်တွေနဲ့ ထိန်းသိမ်းခံထားရတဲ့ ဗီဒီယို သတင်းထောက် ၁၇ ဦးကို ချွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ မြန်မာ အစိုးရကို နိုင်ငံတကာ သတင်း မီဒီယာအဖွဲ့ ၁၂ ဖွဲ့က မနေ့က တိုက်တွန်းလိုက်ပါတယ်။

2011.07.08

အစိုးရသစ်က အရပ်သား အုပ်ချုပ်ရေး အသွင် ကူးပြောင်းရေး စတင်နေပြီလို့ ပြောပေမယ့် သတင်းထောက်တွေကို အကျဉ်းထောင်တွေထဲမှာ ဖမ်းဆီး ထိန်းသိမ်းထားဆဲ ဖြစ်တယ်လို့ ၁၂ ဖွဲ့ရဲ့ ပူးပေါင်း ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ သူတို့တွေဟာ နော်ဝေး အခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ ဒီဗီဘီရဲ့ ပြည်တွင်း ဗီဒီယိုသတင်းထောက် (၁၇) ဦးဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ တကယ် ပြုပြင် ပြောင်းလဲရေးတွေ ဖြစ်မဖြစ် ဆိုတာ လက်တွေ့ပြတဲ့ အနေနဲ့ သတင်းထောက်တွေကို လွှတ်ပေးဖို့ ဦးသိန်းစိန် အစိုးရကို တောင်းဆိုလိုက်တာ ဖြစ်တယ်လို့ ၁၂ ဖွဲ့ထဲမှာ ပါဝင်တဲ့ မြန်မာ သတင်းထောက်များ သမဂ္ဂ ဥက္ကဌ ဦးမောင်မောင်မြင့်က ပြောပါတယ်။

"လက်ရှိ ဦးသိန်းစိန် အစိုးရအနေနဲ့က မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား မရှိပါဘူး ဆိုပြီးတော့ ငြင်းထားပါတယ်။ ဒါပေမဲ့ အဲဒါဟာ မှန်တဲ့ စကားမဟုတ်ဘူး ဆိုတာလည်း ကျနော်တို့ အားလုံး သိပါတယ်။ တချိန်တည်းမှာ သတင်းထောက်တွေဟာ ကိုယ့်ရဲ့ ယုံကြည်ချက်ကြောင့် အဖမ်းခံနေရသူတွေ ဖြစ်ပါတယ်။ ဒီလို ပုဂ္ဂိုလ်မျိုးတွေ အကျဉ်းကျနေရတာဟာ နိုင်ငံ အတွက် မင်္ဂလာ မရှိပါဘူး။ မြန်မာ့ လူ့အဖွဲ့အစည်း အတွက်လည်း မင်္ဂလာ မရှိပါဘူး။ အဲဒီ အတွက်ကြောင့် အခု ဒီမိုကရေစီ စနစ်ကို ဦးတည်ပြီး သွားနေပါတယ် ဆိုတဲ့ အစိုးရ အနေနဲ့ အနည်းဆုံးအားဖြင့်တော့ ဒီအပြစ်မဲ့ အဖမ်းခံထားရတဲ့ သတင်းထောက်တွေ အားလုံးကို လွှတ်ပေးစေချင်တဲ့ သဘောကြောင့် ဒီကြေညာချက်ကို ပူးတွဲ ထုတ်ရတာ ဖြစ်ပါတယ်။"

အခု ကြေညာချက် ထုတ်ပြန်တဲ့ နိုင်ငံတကာ သတင်းမီဒီယာ အဖွဲ့ ၁၂ ဖွဲ့ထဲမှာ RSF နယ်စည်းမခြား သတင်းထောက်များ အဖွဲ့၊ CPJ ၊ IFJ၊ Index of Censorship၊ ကနေဒါ သတင်းထောက်များ အဖွဲ့၊ အရှေ့တောင် အာရှ သတင်းထောက်များ မဟာမိတ်အဖွဲ့ (SEAPA)၊ Article 19၊ ဒီမိုကရက်တစ် မြန်မာ့အသံ ဒီဗွီဘီ၊ ဧရာဝတီ၊ မဇ္ဈိမ၊ မြန်မာ သတင်းထောက်များ သမဂ္ဂ စတဲ့အဖွဲ့တွေ ပါဝင်ကြပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး မအင်ကြင်းနိုင်ရဲ့ မေးမြန်း တင်ပြချက်ကို နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။