မြန်မာနဲ့ ရေပိုင်နက် အငြင်းပွားမှု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ကိုယ်တိုင်ထွက်ဆိုမည်
2011.09.07

(RFA Illustration)
ဘင်္ဂလား ပင်လယ်အော်က အထူး စီးပွားရေးဇုံ ပိုင်ဆိုင်မှုနဲ့ ပတ်သက်လို့ ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့က အပြည်ပြည် ဆိုင်ရာ ရေကြောင်း ဥပဒေဆိုင်ရာ တရားရုံး ITLOS မှာ ဒီလ ၅ ရက်ကနေ ၂၂ ရက်နေ့ အထိ မြန်မာနဲ့ အငြင်းပွားမှုကို ကြားနာ စစ်ဆေး နေပါတယ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးအနေနဲ့ ဘင်္ဂလားဒေ့ရှ် အထူး စီးပွားရေး ဇုံသတ်မှတ်ထားပြီး ဘင်္ဂလား ပင်လယ်အော် ထဲက တောင်အာရှ မြေကြောမှာ တဆက်ထဲ ဝင်နေတဲ့ ဒေသဟာ ဘင်္ဂလားဒေ့ရှ် ပိုင်နက် ဖြစ်တယ် ဆိုတာကို တင်ပြမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ ဘက်ကတော့ နိုင်ငံနဲ့ ၂ ဘက် အကွာအဝေး ဆတူ အညီအမျှ ပိုင်းခြား နိုင်တဲ့ နေရာကို နယ်ခြားမျဉ်း အဖြစ် သတ်မှတ် ခွဲယူ ထားပါတယ်။ ဒီအချက်ကို ဘင်္ဂလားဒေ့ရှ် ဘက်က ငြင်းဆို ထားပါတယ်။
ဒီအမှုအပေါ် ဘင်္ဂလားဒေ့ရှ် ဘက်က ချေပချက်တွေ စက်တင်ဘာ ၂၁ ရက်နဲ့ ၂၂ ရက်နေ့ တွေမှာ အပြီးသတ် ကြားနာ မယ်လို့ ဆိုပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဟာ ဒီအဆိုကို ပြီးခဲ့တဲ့ သြဂုတ် ၂၄ ရက်နေ့က ကုလသမဂ္ဂ ရုံးချုပ်မှာ တင်ပြခဲ့တယ်လို့ သိရပါတယ်။
ဘင်္ဂလားဒေ့ရှ် ဘက်က တောင်းဆိုချက် အရ ဘင်္ဂလားဒေ့ရှ်ပိုင် တောင်အာရှ မြေကြော ပိုင်နက်ဟာ ဘင်္ဂလားဒေ့ရှ် ကမ်းခြေကနေ ရေမိုင် ၃၉၀ နဲ့ ၄၆၀ အထိ ကျယ်ပြန့်တယ်လို့ ဆိုပါတယ်။
ဒီအမှုကို ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်က ကုလသမဂ္ဂ မြေကြောများ ဆိုင်ရာ ကန့်သတ် ချက်များ ကော်မရှင် CLCS ကို အခုနှစ် ဖေဖော်ဝါရီလက တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။