မြန်မာနိုင်ငံအောက်ပိုင်းဒေသတချို့ ရေကြီးနိုင်မယ်လို့ ခန့်မှန်း
2021.08.31
မကွေးတိုင်း ချောက်မြို့မှာ ဧရာဝတီမြစ်ရေတိုးလာတဲ့အတွက် မြေနိမ့်ပိုင်းက မြစ်ရေဝင်တဲ့ ရပ်ကွက်လေးခုလောက်က အိမ်ထောင်စုတွေ ရေးဘေးလွတ်ရာ ရှောင်ဖို့ ကြိုတင်ပြင်ဆင်နေကြရပြီး မနေ့မနက် ၆ နာရီခွဲကစလို့ မန္တလေးတိုင်း ဝမ်းတွင်းဆည်မှာလည်း ရေအဝင်များလို့ ဆည်ရေထိန်းတံခါးက ရေလွှတ်လိုက်တဲ့အတွက် ရက်ပိုင်းအတွင်း ဧရာဝတီမြစ်အောက်ပိုင်းမှာ ရေပိုများနိုင်မယ်လို့ မိုးလေဝသစောင့်ကြည့်နေသူတွေက ပြောပါတယ်။
ချောက်မြို့ရဲ့ ဧရာဝတီမြစ် စိုးရိမ်ရေမှတ်က ၁၄၅၀ စင်တီမီတာဖြစ်ပြီး မနေ့မနက် ၆ နာရီမှာ ၁၄၁၃ စင်တီမီတာ ရောက်နေတာမို့ စိုးရိမ်ရေမှတ် ရောက်ရှိဖို့ ၃၇ စင်တီမီတာပဲ လိုတော့တယ်လို့ ချောက်မြို့ မိုးလေဝသနဲ့ ဇလဗေဒတိုင်းထွာရေးစခန်းက ပြောပါတယ်။
မနေ့ကပဲ ဆည်တွေက ရေလွှတ်တဲ့အတွက် မကြာခင် ဧရာဝတီမြစ်အောက်ပိုင်းမှာ ရေအဝင်များတော့မယ်လို့ မကွေးတိုင်း ဒေသခံတယောက်က သူ့အတွေ့အကြုံအရ ခန့်မှန်းပြပါတယ်။ ချောင်းရေလျှံပြီး ပုဂံမြို့သစ်က ရပ်ကွက်တချို့က အိမ်တွေ ခြံတွေနဲ့ ရပ်ကွက်လမ်းတွေလည်း မနေ့ကရေကြီးပါတယ်။ ဒါတွေဟာ ပူတာအို-မချမ်းဘောမှာ စလာတာလို့ မကွေးဒေသခံက ပြောပါတယ်။

ဧရာဝတီမြစ်စတင်မြစ်ဖျားခံတဲ့ ကချင်ပြည်နယ်၊ မြစ်ကြီးနားဒေသခံတယောက်ကတော့ မြစ်ရေကြီးရတာက သစ်တောတွေ ပြုန်းတီးတာကို ညွှန်ပြတယ်လို့ မှတ်ချက်ပေးတာပါ။ နောက်ရက်ပိုင်းတွေမှာ ဖြစ်လာနိုင်မယ့် အလားအလာကို ရာသီဥတုနဲ့ မိုးလေဝသ အခြေအနေကို အမြဲစောင့်ကြည့်နေတဲ့ မကွေးဒေသခံက တွက်ချက်ခန့်မှန်းပြပါတယ်။
မုတ်သုံရာသီရောက်တိုင်း နှစ်စဉ်နှစ်တိုင်းလိုလိုရေကြီးတတ်တဲ့ မြန်မာနိုင်ငံမှာ ဇူလိုင် ၂၁ ရက်ကစလို့ အနည်းဆုံး လူ ၁၂၅၀၀၀ ရေဘေးသင့်ရတယ်လို့ UNOCHA မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူသားချင်းစာနာမှုညှိနှိုင်းရေးရုံးက ဒီလ ၂၇ ရက်က ပြောကြားပါတယ်။