မြန်မာစစ်တပ်ကို လက်နက်ရောင်းနေတဲ့ အစ္စရေးကုမ္ပဏီတွေကို အရေးယူပေးဖို့ တောင်းဆို

2022.10.26
မြန်မာစစ်တပ်ကို လက်နက်ရောင်းနေတဲ့ အစ္စရေးကုမ္ပဏီတွေကို အရေးယူပေးဖို့ တောင်းဆို ၂ဝ၁၆ ခုနှစ် မတ်လ ၂၇ ရက် တပ်မတော်နေ့အခမ်းအနားတွင် စစ်တပ်က လက်နက်ပစ္စည်းများကို ထုတ်ပြခဲ့စဉ်။
Photo: Reuters

အာဏာသိမ်းစစ်ကောင်စီကို စစ်လက်နက်ရောင်းနေတဲ့ အစ္စရေး ကုမ္ပဏီကြီးသုံးခုနဲ့ အစိုးရအရာရှိတွေကို အရေးယူပေးဖို့ Justice for Myanmar အဖွဲ့က အစ္စရေးရှေ့နေချုပ်ကို ဒီနေ့ တောင်းဆိုလိုက်ပါတယ်။

အစ္စရေးအစိုးရပိုင် Israel Aerospace Industries (IAI)၊ Israel Shipyards သင်္ဘောကျင်းကုမ္ပဏီ၊ Elbit systems ကုမ္ပဏီ နဲ့ ကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပို့ကုန်တာဝန်ရှိ အကြီးအကဲတွေဟာ မြန်မာစစ်တပ်ကို လက်နက်ရောင်းချတဲ့ ကိစ္စတွေမှာ အဂတိလိုက်စားနေတယ်လို့ ထောက်ပြထားပါတယ်။

သူတို့တွေဟာ မြန်မာ စစ်တပ်ကိုထောက်ပံ့နေတဲ့ ဒေါက်တာ ထွန်းမင်းလတ်ပိုင် Star Sapphire Group ကုမ္ပဏီအုပ်စုနဲ့ အရောင်းအဝယ်ဖြစ်နေတာလို့ ဆိုပါတယ်။

ဒီကိစ္စကို အစ္စရေး လူ့အခွင့်အရေးလှုပ်ရှားရေးအဖွဲ့က ဦးဆောင်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပညာရှင်တွေပါတဲ့ အစ္စရေးနိုင်ငံသား အယောက် ၆ဝ က အစ္စရေးရှေ့နေချုပ်ရုံးကို တင်ပြထားတာလို့ ပြောပါတယ်။

Star Sapphire Group ကုမ္ပဏီပိုင်ရှင် ဒေါက်တာ ထွန်းမင်းလတ်ကို မူးယစ်ဆေးဝါး မှောင်ခိုမှု၊ ငွေကြေးခဝါချမှု စွဲချက်တွေနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလက ဘန်ကောက်မှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

အစ္စရေးက လက်နက်တွေဝယ်ပြီး စစ်ကောင်စီဟာ မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်ဘက်မှာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့လည်း Justice for Myanmar အဖွဲ့က ထောက်ပြထားပါတယ်။

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။