ကျောင်းကုန်းမြို့မှာ မွတ်စလင် နေအိမ် ၅ လုံး ဖျက်ဆီးခံရ


2013.10.06
Irrawaddy-kyaungkone-305 Irrawaddy-kyaungkone-305
Photo: RFA

ဧရာဝတီတိုင်း ကျောင်းကုန်းမြို့ ဗောဓိကုန်းရပ်ကွက်မှာ မနေ့ညက အစ္စလာမ်ဘာသာဝင်တွေရဲ့ နေအိမ် ၅ လုံးကို ဒေသခံတွေက ဖျက်ဆီးလိုက်တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

အဲဒီဖြစ်ရပ်နဲ့ ပတ်သတ်ပြီး ကျောင်းကုန်းဒေသခံ ကိုပြည့်ဖြိုးဝေက အခုလိုပြောပါတယ်။

"ည ၇ နာရီကျော်လောက်ကျတော့ အဲ့ဒီအိမ် ဝိုင်းဖြိုကြမယ်၊ ဗလီဖြိုကြမယ်ဆိုပြီး ထွက်သွားတယ်၊ အဲဒီကုလားရှိတဲ့ အိမ်မှာပဲဖြိုတယ်၊ ပြီးတော့သူ့ညီမ အိမ်ကိုဖြိုတယ်၊ အိမ် ၅ လုံးပြိုသွားတယ်၊ ကုလားသင်္ချိုင်းမှာရှိတဲ့ အစောင့်တဲအိမ်က မီးရှို့ခံရတယ်၊ ပြီးတော့ မြို့နယ်ရဲတပ်ဖွဲ့မှူးရော၊ အာဏာပိုင်အဖွဲ့အစည်းရော ရောက်လာတယ်၊ သူတို့က မလုပ်ကြပါနဲ့လို့ တားတယ်"

ကျောင်းကုန်းမြို့ပတ်ဝန်းကျင်ရှိ ကျေးရွာခုနှစ်ရွာက လူတစ်ထောင်လောက်ရောက်လာကြပြီး အစ္စလာမ်ဘာသာဝင် ကိုလှဝင်းရဲ့ နေအိမ်နဲ့ သူ့ဆွေမျိုးတွေရဲ့ အိမ်လေးလုံးတို့ကို ဖျက်ဆီးလိုက်ကြတာလို့ သိရပါတယ်။

နေအိမ်ဖျက်ဆီးခံလိုက်ရတဲ့ အစ္စလာမ်ဘာသာဝင် မိသားစုဝင်တွေဟာလည်း ဘေးကင်းရာ တိမ်းရှောင်နေထိုင်ကြရတယ်လို့ သိရပါတယ်။

ဒီဖြစ်စဉ်ဟာ ဦးလှဝင်းနဲ့ အရွယ်မရောက်သေးတဲ့ မနှင်းယုယုခိုင်တို့နဲ့ ပတ်သက်တယ်လို့ သိရပါတယ်။

အခင်းဖြစ်ပွားချိန်မှာ သွားရောက်ထိန်းသိမ်းခဲ့သူ ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းနိုင်က ဒီကိစ္စနဲ့ပတ်သက်ပြီး အခုလိုပြောပါတယ်။

"ဖြစ်တာက ကလေးမလေးနဲ့ ပတ်သက်ပြီးတော့ ကျန်တဲ့တစ်လလောက်တည်းက အနိုင်ထက်ကျင့်တာတွေ ရှိတဲ့အတွက်ကြောင့် မအေက မသိဘူး၊ သိတဲ့အခါကျတော့ ရဲစခန်းမှာ တိုင်တဲ့အခါကျတော့ ရဲကလည်း အချိန်မီတရားခံကို ခေါ်ထိန်းပြီးတော့၊ မနေ့က ညနေပိုင်းမှာပဲ မိုးချုပ်ခါစမှာ အဲ့မှာပဲ ပုသိမ်ကို ပို့လိုက်တယ်၊ ဒီတရားခံကို"ီ

ဒီနေ့ ကျောင်းကုန်းမြို့ အခြေအနေဟာ တည်ငြိမ်နေပြီး ကျောင်းကုန်းမြို့က ရဲတွေအပြင် တိုင်းပြည်သူရဲကပါ မြို့တွင်း လုံခြုံရေးယူထားတယ်လို့ ကျောင်းကုန်း ရဲစခန်းက ပြောပါတယ်။

ဒီပဋိပက္ခနဲ့ နောက်ဆုံးအခြေအနေများကို RFA အဖွဲ့သား ဦးတင်အောင်ခိုင် တင်ပြချက်ကိုလည်း နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။