ရင်းနှီးမြုပ်နှံမှုနဲ့ သဘာ၀၀န်းကျင် ပြောင်းလဲခြင်းဆိုင်ရာ ချင်းမိုင်ဆွေးနွေးပွဲ
2012.09.01

ဒီဆွေးနွေးပွဲမှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဆိုင်ရာ တွင်းထွက်သယံဇာတ ရေနံနဲ့ သဘာဝဓါတ်ငွေ့ အပါအဝင် မြန်မာနိုင်ငံရဲ့ အရေးအကြီးဆုံး အခန်းကဏ္ဍာတစ်ခုဖြစ်တဲ့ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရောင်းချနေတဲ့ ရေကာတာ စီမံကိန်း တွေနဲ့ ဆက်စပ်ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေ ပြဿနာတွေ၊ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို အဓိက ထားဆွေးနွေးခဲ့ကြပါတယ်။
ဒါတွေကို အခြေခံပြီး လက်ရှိဖြစ်နေတဲ့ ပြဿနာတွေ ဖြေရှင်းတဲ့နေရာမှာ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ စည်းမျဉ်း စည်းကမ်း ဥပဒေ တွေကို လက်ရှိအစိုးရက ဒီထက်ပိုပြီး လုပ်ကိုင်ဆောင်ရွက်မှသာ ဒေသခံပြည်သူတွေရော အစိုးရမှာပါ အကျိုးအမြတ်ရရှိမှာ ဖြစ်တယ်လို့ ရွှေဂတ်စ်လှုပ်ရှားမှုအဖွဲ့မှ ဒါရိုက်တာ ကိုဝင်းအောင် က ဓါတ်ပုံတွေနဲ့ တကွ ထောက်ပြဆွေးနွေးခဲ့ပါတယ်။
"လက်ရှိလုပ်နေတဲ့ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု စီမံကိန်းတွေဖြစ်တဲ့ ရေနံနဲ့ သဘာ၀ ဓါတ်ငွေ့ စီမံကိန်းတို့ ဒီ ရေကာတာ စီမံကိန်းတို့ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုနဲ့ ဆက်စပ်ပြီးတော့ လယ်ယာမြေ သိမ်းပိုက်မှုတွေ
ဒေသခံတွေရဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ဆုံးရှုံးသွားတာတွေ အများကြီး ဖြစ်နေတဲ့ဟာ ဆိုတော့ ဒီလက်ရှိဖြစ်နေတဲ့ ပြဿနာတွေကို စနစ်တကျ ဖြေရှင်းနိုင်လောက်တဲ့ ယန္တာရားတွေ စနစ်တွေ လူတွေတွေရဲ့ ပါဝင်ပတ်သက်မှုတွေနဲ့ ပွင့်လင်းမြင်သာတဲ့ သတင်းအချက်အလက်တွေ ငွေကြေးစနစ်တွေ ဆိုတာက လောလောဆယ် အိမ်မက်တစ်ခုလိုပဲ ဖြစ်နေသေးတယ်၊ အဲ့ဒီ ဟာတွေကို ပြန်ပြီးတော့ လုပ်ဆောင်နိုင်ဖို့ အတွက် ဒေသခံတွေမှာရော အစိုးရဖက်တွေမှာရော လူထုအခြေပြု အဖွဲ့အစည်းတွေ မှာရော အများကြီး လိုအပ်တဲ့ အရင်းအမြစ်တွေ အရည်အချင်းတွေ အများကြီးလိုသေးတယ်လို့ မြင်တယ် ဆိုတော့ အဲ့ဒီ အနေအထား တစ်ခုမှပဲ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုက တစ်စုံတစ်ခုအထိ အကျိုးအမြတ် ရှိလိမ့်မယ်။"
မြန်မာနိုင်ငံ မြစ်ကြောင်းများဆိုင်ရာ ကွန်ယက် အဖွဲ့ တာဝန်ခံ ကိုစိုင်းစိုင်း ကလည်း အစိုးရကနေ လျှပ်စစ် ဓါတ်အား ရရှိဖို့ ရေကာတာ စီမံကိန်းတွေ အကောင်အထည်ဖော်နေတဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ တိုက်ပွဲတွေ ဖြစ်နေတဲ့အတွက် တည်ငြိမ်အေးချမ်းမှသာ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုကြောင်း ပြောဆိုသွားပါတယ်။
"အဲ့ဒီတိုက်ပွဲဖြစ်နေတဲ့ နေရာမှာဆို အများစုက ရေကာတာ တည်ဆောက်တဲ့ နေရာတွေ ဖြစ်နေတယ်။ ရင်းနှီးမြုပ်နှံ မလုပ်ခင်မှာ နိုင်ငံရေး ဆွေးနွေးမှု လုပ်နေတဲ့ အချိန်မှာဆိုရင် တိတိကျကျ ဒီ ရင်းနှီးမြုပ်နှံလုပ်မယ်။ ဖွံ့ဖြိုးရေး လုပ်မယ်ဆိုရင် သူ့လုပ်မည့် နည်းစနစ်ပေါ့နော်။ သူ့လုပ်ထုံးလုပ်နည်းတွေ ရှင်းရှင်းလင်းလင်း ရှိမှသာလျှင် ဒေသလူထု ပြည့်ပြည့်၀၀ ပါဝင် ပူးပေါင်းဆောင်ရွက် ရှိမှသာလျှင် အဲ့ဒီ စီမံကိန်းတွေ ဆက်သွားသင့်တယ်၊ ဘာကြောင့်လည်းဆိုတော့ အခုမှာဆိုရင် ရင်းနှီးမြုပ်နှံတွေလည်း တော်တော်များများ ရှိနေတယ်။ နောက်ကလည်း အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းမှာဆိုရင်လည်း ကျနော်တို့ နိုင်ငံက ပြောင်းလဲသွားပြီ ဆိုတဲ့ နာမည်နဲ့ တက်လာနေတယ်ပေါ့နော်။ ဒါပေမယ့် အခု လတ်တလော ပြန်ကြည့်မယ် ဆိုရင်လည်း တိုက်ပွဲလည်း ဖြစ်နေသေးတယ်။ အခုလူထုမှာ ဆိုရင်လည်း ပါဝင် ပူးပေါင်းဆောင်ရွက်မှုဆိုတာ လုံးဝမရှိနေတဲ့ အခြေအနေမှာ ရှိနေတယ်။"
ဒီဆွေးနွေးပွဲကို The Best Friend အဖွဲ့က ဦးစီးကျင်းပခဲ့တာဖြစ်ပြီး မဲခေါင်မြစ်ဝှမ်းဆိုင်ရာ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ဝင်တွေ၊ ထိုင်းနဲ့ နိုင်ငံခြားသား သတင်းထောက်တွေ အပါအဝင် စိတ်ပါဝင်စားသူ ၁၀၀ နီးပါး တက်ရောက်ခဲ့ပါတယ်။