အင်တာနက်လိုင်းတွေ ပြန်ဖွင့်ပေးဖို့ မရှိသေးဘူးလို့ စစ်ကောင်စီပြော
အင်တာနက်လိုင်းတွေ ပြန်ဖွင့်ပေးဖို့ မရှိသေးဘူးလို့ စစ်ကောင်စီပြောခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။
အွန်လိုင်းကို အသုံးချပြီး ဆူပူအောင် လှုံဆော်နေတဲ့အတွက် ပြန်မဖွင့်ပေးနိုင်သေးဘူးလို့ Skynet သတင်းဌာန ရဲ့ မေးမြန်းချက်ကို ဖြေကြားခဲ့တာပါ။
လက်ရှိ အင်တာနက်ဖြတ်တောက်ပြီး ညပိုင်းအချိန်တွေမှာ စစ်တပ်ကိုဆန့်ကျင်သူတွေကို လိုက်လံဖမ်းဆီး သတ်ဖြတ်နေတာတွေ ရှိနေပါတယ်။
စစ်အာဏာစသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး မြန်မာနိုင်ငံမှာ အင်တာနက်လိုင်းတွေကို စစ်ကောင်စီက အချိန်အပိုင်းအခြားအလိုက် ဖြတ်တောက်ခဲ့တာဖြစ်ပြီး မတ်လ ၁၅ ရက်နေ့ကစပြီးတော့ တစ်နိုင်ငံလုံးကို မိုဘိုင်းဖုန်းအင်တာနက်တွေ ဖြတ်တောက်ထားတာပါ။
အင်တာနက်လိုင်းတွေ ဖြတ်တောက်ပြီး မီဒီယာကို နှိပ်ကွပ်ထားရုံနဲ့ မြန်မာစစ်တပ်ရဲ့ စက်ဆုပ်ဖွယ် လုပ်ရပ်တွေကို ဖုံးကွယ်ထားလို့ မရဘူးလို့ ဥရောပသမဂ္ဂနဲ့ အမေရိကန်အပါအဝင် သံရုံး ၁၁ ရုံးက သံအမတ်ကြီးတွေ ပူးတွဲပြီး မတ်လ ၁၉ ရက်နေ့က ကြေညာချက်ထုတ်ပြန် ပြောဆိုထားပါတယ်။
စစ်ကောင်စီက အင်တာနက်တွေ ဖြတ်တောက်ထားတာကြောင့် ပြည်တွင်းက သတင်းအချက်အလက်တွေ ရရှိနိုင်ဖို့ ခက်ခဲနေပါတယ်။