နိုင်ငံတကာပိတ်ဆို့မှုတွေ ရုပ်သိမ်းဖို့ USDP အပါအဝင် နိုင်ငံရေးပါတီ ၂၅ ခုတောင်းဆို
2024.05.28

စစ်ကောင်စီကို နိုင်ငံတကာက ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေကို အမြန်ဆုံးပြန်လည်ရုပ်သိမ်းဖို့နဲ့ ပိတ်ဆို့မှုတွေကို ဆန့်ကျင်ကန့်ကွက်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအပါအဝင် နိုင်ငံရေးပါတီ ၂၅ ပါတီက မေလ ၂၈ ရက်နေ့ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်ပါတယ်။
စစ်ကောင်စီကိုဦးတည်ဒဏ်ခတ်ပိတ်ဆို့တာဆိုပေမဲ့ ပကတိအခြေအနေမှာ ပြည်တွင်းမှာရှိတဲ့ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးကို ထိခိုက်နစ်နာစေပြီး ဒုက္ခသံသရာထဲရောက်အောင်ပို့နေတာလို့လည်း ထည့်သွင်းရေးသားထားပါတယ်။
ပိတ်ဆို့အရေးယူမှုတွေဟာ စစ်ကောင်စီက ကြိုးပမ်းဆောင်ရွက်နေတဲ့ ရှေ့လုပ်ငန်းစဉ် (၅) ရပ်ကို နှောင့်နှေးရပ်တန့်စေသလို ရွေးကောက်ပွဲကိုလည်း ပျက်စီးစေတယ်လို့ ဆိုပါတယ်။
စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၄ ခုနှစ် ဇန်နဝါရီလကုန်အထိ နိုင်ငံတကာက ပိတ်ဆို့မှုတွေမှာ ပုဂ္ဂလိက ပိုင်ဆိုင်မှုတွေကို ပိတ်တာ၊ စစ်ကောင်စီနဲ့ထောက်ပံ့ဆက်သွယ်မှုတွေကို ဖြတ်တောက်တာ၊ ငွေလွှဲပြောင်းတာတွေကို တားမြစ်ပိတ်ပင်တာ၊ ကုန်ပစ္စည်းတင်ပို့တာတွေကို ကန့်သတ်တားမြစ်တာ၊ ခရီးသွားလာခွင့်ပိတ်တာ စတဲ့ ပိတ်ဆို့မှုတွေ ပါဝင်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
ဒီလိုပိတ်ဆို့မှုတွေဟာ နိုင်ငံတစ်နိုင်ငံကို ရွေးထုတ်ဖိအားပေးတာ၊ လွတ်လပ်မှု၊ ဖွံ့ဖြိုးမှု၊ တည်ငြိမ်မှုနဲ့ ဘက်လိုက်ဆောင်ရွက်တာတွေဖြစ်ပေါ်စေပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးကြေညာစာတမ်းပါ Article 7 ကို ချိုးဖောက်နေတယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ သုံးနှစ်အတွင်း စစ်ကောင်စီနဲ့ ပတ်သက်တဲ့ လူပုဂ္ဂိုလ် ၁၆၁ ဦး၊ အဖွဲ့အစည်းနဲ့ ကုမ္ပဏီ ၇၅ ခုကို အမေရိကန်၊ ဗြိတိန်၊ ဥရောပသမဂ္ဂ၊ ဩစတြေးလျ၊ ကနေဒါနဲ့ နယူးဇီလန်တို့က ပိတ်ဆို့အရေးယူခဲ့တယ်လို့ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ Justice For Myanmar (JFM) အဖွဲ့က ဖေဖော်ဝါရီ ၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။