မြန်မာနိုင်ငံရေးပါတီလေးခုက ကိုယ်စားလှယ်တွေ တရုတ်နိုင်ငံသွား

RFA Burmese
2024.07.20
မြန်မာနိုင်ငံရေးပါတီလေးခုက ကိုယ်စားလှယ်တွေ တရုတ်နိုင်ငံသွား တရုတ်နိုင်ငံကို ထွက်ခွာသွားသည့် ပြည်သူ့ပါတီ ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်များအား ရန်ကုန်လေဆိပ်တွင် ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့က တွေ့ရစဉ်။
ပြည်သူ့ပါတီ

တရုတ်ကွန်မြူနစ်ပါတီ ဖိတ်ကြားချက်နဲ့ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ ပြည်သူ့ပါတီ၊ ရခိုင့်ဦးဆောင်ပါတီနဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ စတဲ့ ပါတီလေးခုက ကိုယ်စားလှယ်တွေဟာ ဇူလိုင်လ ၂၀ ရက်နေ့က တရုတ်နိုင်ငံကို သွားရောက်ကြပါတယ်။

တရုတ်ခရီးစဉ်ကို ပြည်သူ့ပါတီက ဥက္ကဋ္ဌ ဦးကိုကိုကြီးအပါအဝင် သုံးဦး သွားတယ်လို့ ပါတီအတွင်းရေးမှူး (၁) ဦးကျော်ကျော်ထွေးက ပြောပါတယ်။

"ဒီညနေက ထွက်သွားကြပြီ၊ သွားတာက ဥက္ကဋ္ဌ ဦးကိုကိုကြီးပါတယ်၊ နောက် ဗဟိုကော်မတီဝင် ဦးစိုင်းသန်းထိုက်ပါတယ်၊ ဗဟိုကော်မတီဝင်ထဲက ဗဟိုအမျိုးသမီးနဲ့ ကလေးသူငယ်ရေးရာ တာဝန်ခံ ဒေါ်စန္ဒာဝင်း တို့ပါတယ်၊ တရုတ်ကွန်မြူနစ်ပါတီရဲ့ နိုင်ငံတကာ ဆက်ဆံရေးဌာနက ဖိတ်တာ၊ ပါတီချင်းဆက်ဆံရေးအနေနဲ့ ဖိတ်တယ်"

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကလည်း ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း ဦးဆောင်တဲ့ အဖွဲ့ဝင်ကိုးဦး သွားတဲ့အကြောင်း ပါတီဖေ့ဘွတ်စ် လူမှုကွန်ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဒီပါတီတွေရဲ့ တရုတ်နိုင်ငံ ခရီးစဉ်ဟာ ဇူလိုင်လ ၂၀ ရက်နေ့ကနေ ၂၇ ရက်နေ့ထိ ရှစ်ရက်ကြာ ခရီးစဉ်ဖြစ်ပါတယ်။

ဒီခရီးစဉ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ ပိုးလမ်းမစီမံကိန်းအကောင်အထည်ဖော်ရေး တရုတ်နိုင်ငံက ကျွမ်းကျင်သူတွေနဲ့ အမြင်သဘောချင်းဆွေးနွေးဖလှယ်သွားမှာဖြစ်တယ်လို့ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖိတ်ကြားစာမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်ကောင်စီက မှတ်ပုံတင်ခွင့်ပြုထားတဲ့ နိုင်ငံရေးပါတီ ၄၇ ခုရှိပြီး အဲဒီထဲက ပါတီလေးခုကို တရုတ်က ဖိတ်ကြားခဲ့တာပါ။

ပြီးခဲ့တဲ့ ဇူလိုင် ၆ ရက်နေ့ကလည်း စစ်ကောင်စီ ဒုတိယခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းဟာ တရုတ်နိုင်ငံကို သွားရောက်ခဲ့သလို ဇွန်လကုန်ကတော့ သမ္မတဟောင်း ဦးသိန်းစိန်ကို တရုတ်အစိုးရက ဖိတ်ကြားတွေ့ဆုံခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။