သိမ်းထားတဲ့မြေတွေ ပြန်စစ်ဆေး မှု အင်တောဒေသခံတွေကြား မကျေနပ်


2013.05.24
inn-taw-305 ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်တောမြို့နယ်ခွဲရှိ အမှတ်(၃၅၃)အမြောက်တပ်ရင်းမှ သိမ်းယူထားသည့် ယာမြေများကိုတွေ့ရစဉ်။
photo: RFA / Kyaw Myo Tun

ရှမ်းပြည်နယ်တောင်ပိုင်း အင်တောမြို့နယ်ခွဲမှာရှိတဲ့ အမှတ် ၃၅၃ အမြောက်တပ်က သိမ်းယူထားခဲ့တဲ့ မြေယာတွေကို ပြန်ပေးဖို့အတွက် ကွင်းဆင်းစစ်ဆေးနေရာမှာ  တရားမျှတမှုမရှိဘူးဆိုပြီး ဒေသခံတောင်သူတွေအကြား မကျေနပ်မှုတွေ ဖြစ်နေကြတယ်လို့ သိရပါတယ်။

လယ်ယာမြေဆုံးရံှုးခဲ့တဲ့ တောင်သူအားလုံးပေါင်း ၁၀၀ ကျော်ရှိရာမှာ အခုဆန္ဒပြရာမှာ ဦးဆောင်တောင်းဆိုခဲ့တဲ့ တောင်သူ ၁၁ ဦးရဲ့ယာမြေတွေကိုသာ လာရောက်စစ်ဆေးပေးတဲ့အတွက် မကျေမနပ်ဖြစ်ကြတာလို့ ဒေသခံတောင်သူ မအိအိလင်းက RFA ကို ပြောပါတယ်။

“သူတို့ ၁ဝ ယောက်ကိုပဲ လာစစ်တဲ့အခါကျတော့ သူတို့ ၁ဝ ယောက်ပဲ ပြန်ရမယ်လို့ပဲထား၊ ကျန်တဲ့လူတွေအတွက်ကျတော့ မဖြစ်နိုင်ဘူးပေါ့နော်၊ ကျန်တဲ့လူတွေကလည်း ဒီမြေကိုလိုချင်တာပေါ့၊ ဘာလို့လဲဆိုတော့ သူတို့ကလည်း အင်အားတွေသုံးပြီး ဒီမြေရိုင်းတွေခုတ်ပြီးတော့  ရှင်းထားရတဲ့အတွက်ကြောင့်မို့ ကျမတို့လည်း တန်ရာတန်ကြေးတော့ ပြန်လိုချင်တာပေါ့”

ပြီးခဲ့တဲ့ မေလ ၄ ရက်က မြေသိမ်းခံရသူ တောင်သူ ၁၂၇ ဦးရဲ့ကိုယ်စား တောင်သူ ၁၁ ဦးက ကိုယ်စားပြုပြီး တောင်ကြီးမြို့အခြေစိုက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးထံ အဲဒီယာမြေတွေနဲ့ ပတ်သက်ပြီး တိုင်ကြားစာပေးပို့ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အရှေ့ပိုင်းတိုင်း စစ်ဌာချုပ်တိုင်းမှူးရဲ့ ညွှန်ကြားချက်အရ အဲဒီအမှတ် (၃၅၃) အမြောက်တပ်ရင်းက မြေစာရင်းဦးစီးဌာနကို တိုင်ကြားထားတဲ့ တောင်သူ ၁၁ ဦးရဲ့ ယာမြေတွေဟာ တပ်မြေသိမ်းစဉ်က ငယ်စာရင်းအမည်ပေါက်/ မပေါက်၊ ဦးပိုင်အမည်ပေါက်ပြီး/မပြီး စတာတို့ကို မေလ ၂၃ ရက်က စစ်ဆေးခိုင်းခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။