အင်းစိန်ထောင်ရှေ့ ဗုံးကွဲလို့ စစ်ဆေးရေးတင်းကျပ်

RFA Burmese
2023.12.27
အင်းစိန်ထောင်ရှေ့ ဗုံးကွဲလို့ စစ်ဆေးရေးတင်းကျပ် ရန်ကုန်မြို့ အင်းစိန်ထောင် အဝင်ဝအား ၂၀၂၂ ဖေဖော်ဝါရီ ၁၂ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်ရှေ့မှာ ဒီဇင်ဘာလ ၂၇ ရက် ဒီနေ့ နေ့လယ်ပိုင်းက ဗုံးပေါက်ကွဲခဲ့လို့ ကားတစ်စီးထိခိုက်ပျက်စီးခဲ့သလို လက်ရှိမှာလည်း အကျဉ်းထောင်အနီးတစ်၀ိုက်က လမ်းသွားလမ်းလာတွေကို စစ်ဆေးတာတွေ လုပ်နေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

အကျဉ်းထောင်နဲ့ မျက်နှာချင်းဆိုင်က CB ဘဏ်အနီး ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး ပေါက်ကွဲအား ပြင်းထန်တယ်လို့ ဗုံးပေါက်ကွဲမှုအနီးရှိနေသူ မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

"ပေါက်ကွဲသံက တော်တော်ပြင်းပါတယ်၊ မြေကြီးပါ တုန်တယ်၊ ပေါက်တဲ့နေရာ တောက်လျှောက် မီးခိုးတွေချည်းပဲ၊ ထိသွားတဲ့ကားကတော့ နောက်ပိုင်းတစ်ခုလုံး စုတ်ပြတ်သွားတာတော့ မြင်ခဲ့လိုက်ရတယ်၊ လူသေလား၊ ကြေလားဆိုတာတော့ ကျွန်တော်လည်း ပြေးလိုက်ရတော့ သတိမထားမိလိုက်ဘူး။ ထောင်ထဲက ဆဲဆိုသံတွေတော့ ကြားလိုက်ရတယ်"

ဗုံးကွဲပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒီနေ့ နေ့လယ် ၃ နာရီအထိ အကျဉ်းထောင်အနီးတစ်၀ိုက်နဲ့ အင်းစိန် ပေါက်တော၀လမ်းကိုပိတ်ပြီး စစ်ဆေးရေးတွေ လုပ်နေတယ်လို့လည်း အင်းစိန်အကျဉ်းထောင်နီး နေထိုင်သူတစ်ဦးက ပြောပါတယ်။

"ကားထဲကို ပစ်ထည့်သွားတာလို့ ကြားတယ်။ ကျွန်မတို့ နီးတယ် လှမ်းကြည့်ရင် မြင်နေရတယ်။ အခု ပဒေသာလမ်းကနေ အင်းစိန်ပေါက်တောဝအထိကို လမ်းပိတ်ထားတယ်။ သူတို့တွေလည်း အခုထိ မပြန်သေးဘူး၊ ဟိုစစ်၊ ဒီစစ် လုပ်နေကြတယ်။ ကားတွေကလည်း သွားလို့မရဘူး"

ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရန်ကုန်တိုင်း ပြောခွင့်ရသူ ဥပဒေချုပ် ဦးဌေးအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

၂၀၂၃ ခုနှစ် ဇွန်လကလည်း အင်းစိန်ထောင်ရဲ့ ဘုရင့်နောင်လမ်းမဘက်မှာရှိတဲ့ မင်းစေတီ ဘေးဝင်ပေါက်အနီးမှာ ဗုံးသုံးလုံး ဆက်တိုက်ပေါက်ကွဲခဲ့တယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့ကတော့ အင်းစိန်အကျဉ်းထောင်ရဲ့ ထောင်ဝင်စာဌာနမှာ ဗုံးပေါက်ကွဲခဲ့တာကြောင့် ရှစ်ဦး သေဆုံးပြီး ၁၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။