လူ့အခွင့်အရေးကော်မရှင် အင်းစိန်ထောင် အစာငတ်ခံ ဆန္ဒပြမှု စစ်

မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ဟာ မြန်မာ့အရေး လှုပ်ရှားသူတွေက အပြည်ပြည် ဆိုင်ရာ လူ့အခွင့်အရေး ကော်မရှင်ကို တိုင်ကြား ထားတဲ့ အင်းစိန် အကျဉ်းထောင်အတွင်း အစာငတ် ခံ ဆန္ဒပြမှုကို ဒီကနေ့ သွားရောက် စစ်ခဲ့ပေမယ့် နိုင်ငံရေး အကျဉ်းသားတွေနဲ့ မတွေ့ခဲ့ဘူးလို့ အကျဉ်းသား မိသားစုဝင်တွေက ပြောပါတယ်။

2011.12.27
Insein_prison_wall_305_z နာမည်ဆိုးနှင့် ကျော်ကြားသော မြန်မာနိုင်ငံ အင်းစိန်အကျဉ်းထောင်၏ အုတ်ရိုးအပြင်ဘက်တွင် အစောင့်တဦး လှည့်ပတ်စောင့်ကြည့်နေပုံ ဖြစ်ပါသည်။ (PHOTO: AFP)
PHOTO: AFP

ဒီကနေ့ မနက် ၈နာရီက အင်းစိန်ထောင်မှာ ပြည်ထောင်စု မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်အဖွဲ့က အကျဉ်းသားတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံရေး အကျဉ်းသားတွေထားတဲ့ တိုက်အမှတ် ၁၊ ၃ ၊၄ ၊ ၅ စတဲ့ တိုက်တွေကို ပိတ်ထားပြီး လမ်းလျှောက်ချိန်မှာတောင် အကျဉ်းသားတွေကို အပြင် ထွက်ခွင့်မပေးခဲ့ဘူးလို့ ဒီကနေ့ ထောင်ဝင်စာ သွားတွေ့တဲ့ အကျဉ်းသား မိသားစုဝင်တွေက ပြောပါတယ်။ ဒီကနေ့ အင်းစိန်ထောင်ကို ရောက်ခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုကိုကြီး (စမ်းချောင်း) က ခုလိုပြောပါတယ်။

“အမှန်က အဲဒီအချိန်က ကျနော်တို့ အကျဉ်းသားတွေ လမ်းလျှောက်တဲ့ အချိန်။ နောက်ဆုံး ၁၁ နာရီထိုးတာတောင် ထမင်းမစားရလို့ ဆိုပြီး ပြောကြဆိုကြ ဖြစ်ကြတယ်။ နောက် ဒီလူ့အခွင့်အရေး ကော်မရှင်အဖွဲ့နဲ့ နိုင်ငံရေးသမားတွေနဲ့ မတွေ့ရအောင် နိုင်ငံရေးသမားတွေ နေတဲ့ တိုက်တွေကို ပိတ်ထားတာ။ အဲဒီမှာ ၂ တိုက်ကိုတော့ လူ့အခွင့်အရေး အဖွဲ့က ဝင်သွားတယ်လို့ သိရတယ်။ ၂ တိုက်မှာကျတော့ သေဒဏ် ကနေ ကျွန်းပြောင်းထားတဲ့လူတွေ ထားတာ၊ အဲဒီမှာ နိုင်ငံရေးသမား တွေ မရှိဘူး”

ဒီကိစ္စနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေး ကော်မရှင်ကို ဆက်သွယ် မေးမြန်းတဲ့အခါမှာ ဒီကနေ့ အင်းစိန်ထောင်ကို သွားရောက်ခဲ့တဲ့ အဖွဲ့မှာ ပါဝင်တဲ့ ကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင်က ပုဒ်မ ၅ည၊ ၁၇-၁ ပုဒ်မများနဲ့ ကျနေသူ ၃ ဦးနဲ့တွေ့ဆုံခဲ့တယ်လို့ ပြောပါတယ်။

“ကျနော်တို့က ၅ (ည) တို့၊ ၁၇ (၁) တို့ ပါရင် နိုင်ငံရေးအကျဉ်းသားလို့ ပြောရမှာ။ နိုင်ငံရေးအကျဉ်းသား ဆိုတာတော့ အဲဒီလို ပုဒ်မတွေနဲ့ပဲ။ ဒီနေ့တော့ အဲလို ပုဒ်မနဲ့ဟာ ၃ ယောက်နဲ့တော့ တွေ့ခဲ့တယ်။ ကျနော်တို့ မနက်ဖြန် သွားဖို့ ရှိသေးတယ်ဗျ။ မနက်ဖြန်ပြီးမှပဲ ကျနော်တို့ wind-up လုပ်ပြီးတော့ ကျနော်တို့ရဲ့ conclusion နဲ့ ကျနော်တို့ရဲ့ view လေးတွေ comment လေးတွေက မနက်ဖြန်မှ ထွက်မှာ”

အခုလို လူ့အခွင့်အရေး ကော်မရှင်က တွေ့ဆုံခဲ့တယ် ဆိုတဲ့ နိုင်ငံရေးအမှုများနဲ့ အကျဉ်းကျသူ သုံးဦးဟာ သီးသန့် တိုက်များမှာ ထားရှိတဲ့ နိုင်ငံရေး အကျဉ်းသားတွေ မဟုတ်ဘဲ အဆောင်မှာ ထားရှိသူတွေထဲက ဖြစ်နိုင်တယ်လို့ နိုင်ငံအရေးအကျဉ်းသား မိသားစုဝင်တွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။