သူရိယနေဝန်းဂျာနယ် အရေးအသားကိစ္စ စာနယ်ဇင်းကောင်စီကို စာပေးပို့


2013.12.13

၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ၂၆ ရက်နေ့က စတင်ထုတ်ဝေခဲ့တဲ့ သူရိယနေဝန်းဂျာနယ်ပါ အရေးအသားတွေဟာ ပုဂ္ဂိုလ်ရေးထိုးနှက်တိုက်ခိုက်မှုတွေ၊ လက်ရှိအစိုးရကို ထိခိုက်စေတဲ့ ရေးသားဖော်ပြချက်တွေ ပါရှိတဲ့အတွက် ဖတ်ရှုသုံးသပ်ပြီး လိုအပ်သလို အရေးယူဆောင်ရွက်ပေးဖို့ ပြန်ကြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)ကို မနေ့က အကြောင်းကြားစာ ပို့လိုက်ပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနက ပေးပို့တဲ့စာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အထွေထွေအတွင်းရေးမှူး ဦးကျော်မင်းဆွေက ကောင်စီအနေနဲ့ အရေးယူလို့မရကြောင်း စာနယ်ဇင်းကျင့်ဝတ်ဆိုတာ လိုက်နာရမယ်လို့ ပြဌာန်းထားချက်မရှိတဲ့အတွက် နစ်နာသူတွေအနေနဲ့ ဥပဒေနဲ့အညီ ဖြေရှင်းသင့်တယ် လို့ ပြောပါတယ်။

"ကျင့်ဝတ်ဆိုတဲ့သဘောက ကာယကံရှင်တစ်ဦးချင်းစီရဲ့ လိုက်နာခြင်း၊ မလိုက်နာခြင်းအပေါ်မှာပဲ မူတည်တယ်၊ လိုက်နာရမယ်လို့ ပြဌာန်းထားတဲ့ဥပဒေ မဟုတ်တဲ့အတွက် လိုက်နာချင်ရင်လည်းရတယ်၊ မလိုက်နာချင်ရင်လည်းရတယ်၊ သူ့ရဲ့အဆင့်အတန်း ဂုဏ်သိက္ခာ၊ သူရဲ့ခံယူချက်စိတ်ထား အဲဒါကို ဖော်ညွှန်းတာပေ့ါနော်၊ အဲဒီအထဲမှာပါတဲ့ နစ်နာတယ်လို့ထင်တဲ့ ယူဆတဲ့သူတွေက သက်ဆိုင်ရာဥပဒေကြောင်းအရ ရင်ဆိုင်ဖြေရှင်းကြဖို့ပဲရှိတာပဲ၊ စာနယ်ဇင်းကောင်စီအနေနဲ့တော့ လောလောဆယ် ဘယ်လိုလုပ်ကြမလဲဆိုတာ မဆွေးနွေးရသေးဘူး"

စာနယ်ဇင်းကောင်စီထံ ပြန်ကြားရေးဝန်ကြီးဌာနက ပေးပို့ထားတဲ့စာမှာ ဂျာနယ်ထုတ်ဝေရာမှာ လိုက်နာရမယ့် တရားဥပဒေစိုးမိုးရေး၊ ဆူပူအကြမ်းဖက်မှုတွေ ပေါ်ပေါက်စေနိုင်တဲ့ အရေးအသားစတဲ့ စွပ်စွဲချက်တွေ၊ အရေးအသားတွေနဲ့ ကြေငြာချက်တွေ ထုတ်ဝေခြင်းမပြုဘဲ စာနယ်ဇင်းကောင်စီက ချမှတ်ထားတဲ့စည်းကမ်းတွေကို လိုက်နာပါမယ်ဆိုတဲ့ ဝန်ခံကတိကို သူရိယနေဝန်းထုတ်ဝေသူက လက်မှတ်ထိုးထားကြောင်း ပါရှိပါတယ်။

သူရိယနေဝန်း အမှုဆောင်အရာရှိချုပ် ဦးမိုးဟိန်းက လက်ရှိမှာ သူတို့ထံ တရားဝင်အကြောင်းကြားလာတာ မရှိသေးကြောင်း အရေးယူလာရင်လည်း ဥပဒေအရ ရင်ဆိုင်သွားမှာဖြစ်ကြောင်း ပြောပါတယ်။

သူရိယနေဝန်းဂျာနယ်ပါ အရေးအသားတွေဟာ ပုဂ္ဂိုလ်ရေးထိုးနက်မှုတွေနဲ့ လက်ရှိအစိုးရကို ထိခိုက်စေတဲ့ ရေးသားဖော်ပြချက်တွေပါရှိတဲ့အတွက် ဖတ်ရှုသုံးသပ်ပြီး လိုအပ်သလို အရေးယူဆောင်ရွက်ပေးဖို့ ပြန်ကြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)ကို မနေ့က အကြောင်းကြားစာပို့ထားတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ အထွေထွေအတွင်းရေးမှူး ဦးကျော်မင်းဆွေကို RFAသတင်းထောက် မရတနာဦး ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။