စက်မှုဇုန်တွေမှာ လျှပ်စစ်မီး ယာယီဖြတ်မည်


2013.04.05

လျှပ်စစ်ဓါတ်အာ းထုတ်လုပ်နေတဲ့ ရတနာသဘာဝဓါတ်ငွေ့ ကမ်းလွန်ပိုက်လိုင်းကို အခုရက်ပိုင်းအတွင်း ပြုပြင်နေတဲ့အတွက် ရန်ကုန်မြို့က စက်မှုဇုန်တွေမှာ ဒီကနေ့ကစပြီး  လာမယ့်ဧပြီလ ၁၃ရက်နေ့အထိ ၉ ရက်ကြာ လျှပ်စစ်ဓါတ်အား ဖြတ်တောက်လိုက်ပြီဖြစ်ပါတယ်။

အခုလို စက်မှုဇုန်ကစက်ရုံတွေမှာ မီးဖြတ်တောက်လိုက်တာနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့တော် လျှပ်စစ်ဓါတ်အားပေးဌာန ဒုတိယဥက္ကဌ ဦးမောင်မောင်လတ်က RFA ကို အခုလိုပြောပါတယ်။

“စွမ်းအင်ဝန်ကြီးဌာနက ကမ်းလွန်ရတနာသဘာဝဓာတ်ငွေ့ ပိုက်လိုင်းကလွှတ်တဲ့ဟာတွေ မလွှတ်နိုင်ဘူး၊ မလွှတ်နိုင်တော့ သဘာဝဓာတ်ငွေ့ မရတဲ့အခါကျတော့ ဒီမှာရှိတဲ့သဘာဝဓာတ်ငွေ့ ဓာတ်အားပေးစက်ရုံတွေက မလည်နိုင်ဘူး၊ ၃၀၀ မီဂါဝပ်လောက် သူကလျော့သွားမှာကိုး၊ အကုန်လုံးကလေ၊ အဲဒါကြောင့်မို့ ဒီကာလာအတွင်းမှာလည်း အများပြည်သူကိုလည်း ပြည့်ပြည့်ဝဝပေးနိုင်အောင် နိုင်ငံပိုင်စက်ရုံအလုပ်ရုံတွေ၊ စက်မှုဇုန်တွေပေါ့လေ ဓာတ်အားပေးတာ ရပ်ထားရတယ်၊ ၁၃ ရက်ကျမှ ဓာတ်ငွေ့ကပြန်ရမှာ၊ ရက်ကွက်တွေထဲတော့ မဖြတ်ပါဘူး"

အဲ့ဒီစက်မှုဇုန်တွေကို အရင်နေ့တွေက အလှည့်ကျစနစ်နဲ့ ၁ ရက်ကို ၅ နာရီကြာ လျှပ်စစ်ဓါတ်အားပေးခဲ့ပါတယ်။ ပိုက်လိုင်းကို ပြန်လည်ပြုပြင်ပြီးရင် မူလအတိုင်း အလှည့်ကျစနစ်နဲ့ လျှပ်စစ်ဓါတ်အား ပြန်ပေးသွားမယ်လို့ဆိုပါတယ်။

လျှပ်စစ်မီးဖြတ်မယ်ဆိုတာကိုတော့ နိုင်ငံပိုင်သတင်းစာတွေမှာ တပတ်လောက်အလိုကတည်းက ကြိုတင်အကြောင်းကြားထားပေမယ့် စက်မှုဇုန်တွေအတွက် အစားထိုးဆောင်ရွက်ပေးမယ့် အစီအစဉ်တော့ မရှိဘူးလို့သိရပါတယ်။ ဒါကြောင့်လျှပ်စစ်မီးကို အားကိုးလုပ်ကိုင်နေရတဲ့ သားငါးသိုလှောင်တဲ့ အသေးစားအလတ်စားစက်မှုဇုန်က လုပ်ငန်းရှင်တွေကိုတော့ သိသိသာသာ ထိခိုက်တယ်လို့ လုပ်ငန်းရှင်တွေက ပြောကြပါတယ်။

လျပ်စစ်မီး ဖြတ်လိုက်တာကြောင့် လုပ်ငန်းရှင်တွေရဲ့ နစ်နာချက်တွေကို RFA သတင်းထောက်  မရတနာဦးက စုစည်းတင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။