အိန္ဒိယတပ်သားတွေ မြန်မာပိုင်နက်ဝင်ရောက်ပြီး နာဂသူပုန်တွေကိုတိုက်ခိုက်
2018.06.29

အိန္ဒိယကွန်မန်ဒိုအဖွဲ့က ဝင်ရောက်တိုက်ခိုက်တဲ့အတွက် နာဂ အမျိုးသားဆိုရှယ်လစ်ကောင်စီတပ် NSCN-K အဖွဲ့ဝင်တချို့ အကျအဆုံးရှိခဲ့တယ်လို့ အိန္ဒိယစစ်တပ်အရာရှိတယောက်က မနေ့က ပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့ဇွန်လ ၁၈ ရက်နေ့က နာဂ အမျိုးသားဆိုရှယ်လစ်ကောင်စီတပ် NSCN-K အဖွဲ့ဝင်တွေရဲ့ခြုံခိုတိုက်ခိုက်မှုကြောင့် အာသံရိုင်ဖယ် ရဲတပ်ဖွဲ့ဝင် ၃ ယောက်နဲ့ တခြား တပ်သား ၃ ယောက်ဒဏ်ရာရခဲ့ပြီးတဲ့နောက် အခုလို ပြန်လည်တိုက်ခိုက်ခံခဲ့ရတာပါ။
အိန္ဒိယပါရာကွန်မန်ဒိုအဖွဲ့ဝင် ၁၂ ယောက်ပါတဲ့အဖွဲ့က မြန်မာနိုင်ငံပိုင်နက်ထဲက နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီရဲ့ စစ်ဆေးရေးစခန်းတခုကို ဗုဒ္ဓဟူးနေ့ကဝင်ရောက်တိုက်ခိုက်တာဖြစ်ပြီး တိုက်ပွဲ ဟာ နာရီဝက်လောက်ကြာခဲ့တယ်လို့ အိန္ဒိယစစ်တပ်အရာရှိကပြောပါတယ်။
အိန္ဒိယစစ်တပ်ဘက်က အသေအပျောက်မရှိပေမဲ့ NSCN-K အဖွဲ့ဝင် ၄- ၅ ယောက်လောက် ကျဆုံးတယ်လို့ သူကဆက်ပြောပါတယ်။
အဲဒီ NSCN အရာရှိရဲ့အဆိုအရ တိုက်ပွဲဖြစ်ပွားတဲ့နေရာဟာ နာဂလန်းမွန်ခရိုင်အတွင်းက မြန်မာ-အိန္ဒိယနယ်ခြားမှတ်တိုင်အမှတ် ၁၅၁ ကနေ ၂ မိုင်အကွာ မြန်မာဘက်အခြမ်းမှာဖြစ်တယ်လို့ သိရပါတယ်။
အိန္ဒိယစစ်တပ်က အရေအတွက်အတော်များတဲ့ စစ်သားတွေဟာ NSCN-K တပ်ရှိရာ မိုင်အနည်းငယ်အကွာ ချန်မို့ရွာအထိ ဝင်ရောက်လာတယ်လို့ NSCN-K အဖွဲ့ရဲ့ ဒုတိယဝန်ကြီးတဦးဖြစ်သူ ဗိုလ်မှူးကြီး အီဆတ်ဆူမီက အတည်ပြုပြောပါတယ်။
NSCN-K ဟာ အိန္ဒိယအစိုးရနဲ့ ၂၀၀၁ ခုနှစ်မှာ အပစ်ရပ်လက်မှတ်ထိုးထားပြီး အဲဒီသဘောတူညီချက် ကို ၂ဝ၁၅ ခုနှစ်မှာ ပယ်ဖျက်ခဲ့ပါတယ်။