စစ်တပ်ပိုင်ကုမ္ပဏီနဲ့တွဲတဲ့ အိန္ဒိယ Adani ကုမ္ပဏီ မြန်မာပြည်က ပြန်ထွက်ဖို့ဆုံးဖြတ်

နေရိန်ကျော် (ဝါရှင်တန်ဒီစီ)
2021.10.28
စစ်တပ်ပိုင်ကုမ္ပဏီနဲ့တွဲတဲ့ အိန္ဒိယ Adani ကုမ္ပဏီ မြန်မာပြည်က ပြန်ထွက်ဖို့ဆုံးဖြတ် အိန္ဒိယနိုင်ငံ၊ ဂူဂျာရက်မြို့က Adani ကုမ္ပဏီပိုင် ဆိပ်ကမ်းတစ်ခုကို မြင်တွေ့ရစဉ်။
Photo: AFP

ရန်ကုန်တိုင်း အလုံမြို့နယ်မှာ ကုန်တင်ဆိပ်ကမ်းစီမံကိန်းတခုအတွက် အမေရိကန်ဒေါ်လာသန်း ၁၅၀ ကျော်ရင်းနှီးမြှုပ်နှံထားတဲ့ အိန္ဒိယနိုင်ငံက Adani ကုန်တင်ကုန် ချဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန် တည်ဆောက်ရေးကုမ္ပဏီဟာ မြန်မာနိုင်ငံကနေ ထွက်ခွာတော့မယ်လို့ အောက်တိုဘာလ ၂၇ ရက်နေ့က ကြေညာလိုက်ပါတယ်။ လာမယ့်နှစ် ၂၀၂၂ ခုနှစ် မေလကနေ ဇွန်လအတွင်း အပြီးထွက်ခွာဖို့ မျှော်လင့် ထားတယ်လို့သိရပါတယ်။

Adani ကုမ္ပဏီဟာ အိန္ဒိယနိုင်ငံမှာ ကုန်တင်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန် တည်ဆောက်နေတဲ့ အကြီးဆုံး ပုဂ္ဂလိကပိုင် ကုမ္ပဏီကြီးဖြစ်ပြီး အိန္ဒိယသမုဒ္ဒရာ ကမ်းခြေတလျှောက် ဆိပ်ကမ်း ၁၃ ခုကို တည်ဆောက်ထားပါတယ်။

မြန်မာပြည်က ထွက်ခွာမယ့်အကြောင်းနဲ့ ပတ်သက်လို့ ကုမ္ပဏီရဲ့ထုတ်ပြန်ချက်ကို ရိုက်တာသတင်းမှာ အခုလိုဖော်ပြထားပါတယ်။ ကုမ္ပဏီရဲ့ အခက်အခဲနဲ့ အကျပ်အတည်းဆိုင်ရာ စီမံအုပ်ချုပ်ရေးကော်တီက အခြေအနေအရပ်ရပ်ကို သုံးသပ်ပြီး မြန်မာပြည်ကထွက်ဖို့ ဆုံးဖြတ်တာဖြစ်တယ်လို့ ဆိုပါတယ်။

Adani ကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ စစ်တပ်ပိုင် MEC မြန်မာ့ဦးပိုင်လီမိတက်နဲ့ နှစ်ရှည်မြေငှားစာချုပ် ချုပ်ပြီး အလုံဆိပ်ကမ်းမှာ တည်ဆောက်ဖို့ ဆောင်ရွက်နေတာပါ။ မြေငှားခအတွက် ဒေါ်လာသန်း ၉၀ ပေးရမှာဖြစ်ပြီး မကြာခင်မှ ာအဲဒီထဲက သန်း ၃၀ ကိုပေးရတော့မှာ ဖြစ်ပါတယ်။ နောက်တချက်က Adani အနေနဲ့ ဦးပိုင်ကုမ္ပဏီနဲ့ ဒီစီမံကိန်းကိုလုပ်ဖို့ ၂၀၁၉ မေလမှာ လက်မှတ်ထိုးခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ မြန်မာ စစ်ခေါင်းဆောင်တွေဟာ ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်ခံနေရသလို၊ ဒီနှစ်စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာလဲ အကြမ်းဖက် သတ်ဖြတ်ဖမ်းဆီးမှုတွေ လုပ်နေတာကြောင့် မြန်မာစစ်တပ်နဲ့ မပတ်သက်ဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေက Adani ကုမ္ပဏီကို ဖိအားပေးခဲ့ပါတယ်။

ဒီကြားထဲမှာပဲ အမေရိကန်ပြည်ထောင်စုက နယူးယောက်မြို့က ကမ္ဘာ့စတော့ရှယ်ယာဈေးကွက်ဖြစ်တဲ့ Dow Jones ကုမ္ပဏီကလည်း Adani ကုမ္ပဏီဟာ မြန်မာစစ်တပ်နဲ့ ပတ်သက်လို့ဆိုပြီး သူ့ရဲ့အညွှန်းစာရင်းကနေ ဖြုတ်ထားမယ်လို့ ဧပြီလမှာ ကြေညာခဲ့ပါတယ်။

အဲဒီအပြင် Adani ကုမ္ပဏီက မြန်မာပြည်က စီမံကိန်းနဲ့ပတ်သက်လို့ အထွေထွေလိုင်စင်ကို အမေရိကန်ပြည်ထောင်စုမှာ ပြီးခဲ့တဲ့သီတင်းပတ်တွေက လျှောက်ထားတဲ့ အခါမှာ ခွင့်ပြုချက်ချမပေးဖို့ အမေရိကန်ဘဏ္ဍာရေး ဝန်ကြီးဌာနကို နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက တိုက်တွန်းခဲ့ပါတယ်။

အခုလို Adani ကုမ္ပဏီပြန်ထွက်မယ့်အကြောင်းဟာ နိုင်ငံတကာ၊ အထူးသဖြင့် အမေရိကန်ရဲ့ စစ်ခေါင်းဆောင်တွေအပေါ် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုရဲ့ အကျိုးရလဒ် ဖြစ်တယ်လို့ စီးပွားရေးပညာရှင် ဦးစိန်ဌေးက သုံးသပ်ပါတယ်။

“နိုင်ငံတကာက ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်လို့ ထွက်သွားရတဲ့ အဓိကအကြောင်းကတော့ နိုင်ငံတကာစီးပွားရေးပိတ်ဆို့မှုကြောင့် ဖြစ်ပါတယ်ခင်ဗျ။ အထူးသဖြင့်တော့ ဒီအချက်ကို ပံ့ပိုးတဲ့အချက်က အမေရိကန်နိုင်ငံရဲ့စီးပွားရေးပိတ်ဆို့မှုက ပြင်းထန်လို့ခင်ဗျ။ ဘာကြောင့်လဲဆိုတော့ အမေရိကန်က ကုမ္ပဏီတွေနဲ့ကုန်သွယ်တဲ့အခါ ဘဏ္ဍာရေးအားဖြင့် အမေရိကန်ထဲက ကွန်ရက်နဲ့ ဆက်စပ်နေတယ်။ အထူးသဖြင့် အမေရိကန်ကွန်ကရက်ကနေပြီးတော့ Burma Bill ပေါ့ Burma Act ကို တင်သွင်းနေပြီ။ ဒီဥပဒေထွက်လာခဲ့ရင် အကျိုးသက်ရောက်မှုက အလွန်ပြင်းထန်ပါတယ်။ ဘာကြောင့်လဲဆိုရင် အဲဒီ ဥပဒေထွက်လာရင် မြန်မာနိုင်ငံက စစ်တပ်ပိုင်ကုမ္ပဏီတွေနဲ့ ဆက်စပ်ပြီးအလုပ်လုပ်ခွင့် မရှိတော့ဘူး။ လုပ်ရင်အရေးယူလို့ ရတယ်။ နောက်တချက်က ကုမ္ပဏီတွေရဲ့ Ethic ဆိုတဲ့ ကျင့်ဝတ်ပေါ့။ နိုင်ငံတကာက ဝိုင်းကြဉ်ထားတဲ့ စကစရဲ့စီးပွားရေးဦးပိုင်လီမိတက်နဲ့ ဆက်စပ်လုပ်မယ်ဆိုရင် နိုင်ငံတကာ ဝိုင်းပယ်တဲ့အထဲ သူပါသွားမယ်”

အခုဆိုရင် စစ်တပ်အာဏာသိမ်းထားတဲ့ ၉ လကျော်အတွင်း နော်ဝေနိုင်ငံက တယ်လီနောကုမ္ပဏီအပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတွေ တဖြေးဖြေးနဲ့ပြန်ထွက်နေပါတယ်။ စစ်ကောင်စီက ခန့်ထားတဲ့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦးကတော့ မြန်မာ့စီးပွား ရေး မတည်မငြိမ်ဖြစ်အောင် ပြည်ပနိုင်ငံတချို့က ကြံဆောင်တာတွေရှိနေတယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်တွေက ရိုက်တာသတင်းဌာနကို ပြောထားပါတယ်။

ဒါပေမဲ့ စစ်တပ်အာဏာသိမ်းလို့သာ စီးပွားရေး ကျဆင်းရတာလို့ အများက လက်ခံထားကြပါတယ်။ အခုဆိုရင် မြန်မာ့စီးပွားရေးဟာ ဇောက်ထိုးကျဆင်းနေပြီလို့ စီးပွားရေးပညာရှင် ဦးစိန်ဌေးက ထောက်ပြပါတယ်။

Adani ကုမ္ပဏီရဲ့ ဆုံးဖြတ်ချက်ကို Justice for Myanmar အဖွဲ့အပြင် သြစတေးလျနိုင်ငံအခြေစိုက် Australian Centre for International Justice အဖွဲ့နဲ့ Stop Adani အဖွဲ့တို့က သတိထားကြိုဆိုတဲ့ အကြောင်း မနေ့က ကြေညာချက် ထုတ်ပြန်ပါတယ်။ အဲဒီအပြင် Adani ပြန်ထွက်တဲ့အခါမှာ အလုပ် သမားတွေ ထိခိုက်မှုနည်းအောင်နဲ့၊ မြေငှားခ ဒေါ်လာသန်း ၉၀ ကို မြန်မာစစ်တပ်ဆီမှာ ချန်ထားခဲ့တာမျိုး မဖြစ်အောင်ဆောင်ရွက်ဖို့ Justice for Myanmar အဖွဲ့က တိုက်တွန်းထားပါတယ်။ အဲဒီအပြင် စီမံကိန်းမှာ ကန်ထရိုက်ယူထားကြတဲ့ စင်ကာပူနိုင်ငံက HSL Constructor ကုမ္ပဏီ၊ အိန္ဒိယနိုင်ငံက ITD နဲ့ Asia Infrastructure ကုမ္ပဏီတို့လဲ ပြန်ထွက်ဖို့ Justice for Myanmar အဖွဲ့က တောင်းဆိုနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။