အင်းတော်ကြီးကန်ကို Indawgyi Biosphere Reserve အဖြစ် ဖွင့်လှစ်
2017.10.31
အရှေ့တောင်အာရှရဲ့ အကြီးဆုံးကုန်းတွင်းရေအိုင်ကြီးဖြစ်တဲ့ ကချင်ပြည်နယ် မိုးညှင်းမြို့နယ်က အင်းတော်ကြီး ကန်ကို ယူနက်စကိုရဲ့ ဇီဝအဝန်းနယ်မြေ Indawgyi Biosphere Reserve အဖြစ် ပြည်ထောင်စုအစိုးရက ဒီကနေ့ တရားဝင်ဖွင့်လှစ်လိုက်ပါတယ်။
ဇီဝအဝန်းနယ်မြေအဖြစ် သတ်မှတ်တာကို ရေရှည်အတွက် ကြိုဆိုရမှာဖြစ်ပြီး လတ်တလောမှာ ဒေသခံတွေရဲ့ ရှင်သန်ရပ်တည်ရေးအတွက် ဆောင်ရွက်ပေးဖို့ လိုအပ်ကြောင်း ဖွင့်ပွဲအခမ်းအနား တက်ရောက်ခဲ့တဲ့ မိုးညှင်း မြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်း က ပြောပါ တယ်။
"ကမ္ဘာမှာသတ်မှတ်ထားတဲ့ ဒီဇီဝအဝန်းအဝိုင်းနယ်မြေထဲမှာ ကျနော်တို့ အင်းတော်ကြီးဒေသ တစ်ခု အပါအဝင် ဖြစ်သွားတာကိုတော့ ဂုဏ်ယူပါတယ်။ ဒါပေမဲ့ သူတို့လုပ်ပေးရမယ့် အတိုင်းအတာတွေလည်း ရှိသေးတယ်။ ဒေသခံတွေရဲ့နေ့စဉ်နဲ့အမျှ စားဝတ်နေရေးကိစ္စအတွက်ပေါ့နော်။ သူတို့ အထူးသဖြင့် စိုက်ပျိုးရေးနဲ့ ငါးရှာတဲ့လုပ်ငန်းပေါ့။ ဒီအပေါ်မှာတော့ သူတို့အနေနဲ့ ကျပ်တည်းမှုတွေ အကန့်အသတ်တွေ ရှိလာမယ်။ ဒါတွေကို ဘယ်လိုဖြေရှင်းပေးမလဲဆိုတဲ့ အတိုင်းအတာတွေကတော့ ရှိသေးတယ်ဗျ။ လောလောဆယ်မှာတော့ သူတို့အတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ၊ နောက်ပြီးတော့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေ ဘာမှမတွေ့ရသေးတဲ့အခါကျတော့ ဒါတွေကို ဖြေရှင်းပေးဖို့တော့ လိုတယ်ပေါ့နော်။"
ဇီဝအဝန်းနယ်မြေအဖြစ် သတ်မှတ်လိုက်ပြီးနောက် ကန့်သတ်ဧရိယာတွေရှိလာမှာဖြစ်တာကြောင့် ဒေသခံတွေရဲ့ နေ့စဉ်ဘဝမှာ လုပ်ကိုင်ရှာဖွေစားသောက်မှု အခက်အခဲဖြစ်လာနိုင်တဲ့ အခြေအနေတွေ ရှိပါတယ်။
သဘာဝတောတောင်၊ ကုန်းနေ၊ ရေနေသတ္တဝါတွေ၊ ရှားပါးငှက်မျိုးစိတ်တွေနဲ့အတူ ဇီဝမျိုးစုံမျိုးကွဲပေါများတဲ့ အင်းတော်ကြီး ကန်ပတ်ဝန်းကျင်မှာ ကျေးရွာပေါင်း ၃၀ ကျော်ရှိပြီး အဲဒီဒေသမှာ သီးနှံစိုက်ပျိုးရေးတွေကို အဓိက ထားလုပ်ကိုင်ကြတဲ့ တိုင်းလိုင် (ရှမ်းနီ) လူမျိုးတွေအများစု နေထိုင်ကြတာဖြစ်ပါတယ်။
ဒီကနေ့ကျင်းပတဲ့ အင်းတော်ကြီးဇီဝအဝန်းနယ်မြေဖွင့်လှစ်ပွဲကို သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဋ္ဌာန ပြည်ထောင်စုဝန်ကြီး၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ် တွေ၊ ယူနက်စကိုနဲ့ ဂျာမနီနိုင်ငံသံအမတ်ကြီးတို့ တက်ရောက်ခဲ့ကြပါတယ်။
မြန်မာနိုင်ငံမှာ ရှမ်းပြည်နယ် အင်းလေးကန်ကို ဇီဝအဝန်းနယ်မြေအဖြစ် ပထမဆုံးသတ်မှတ်ခဲ့ပြီး အင်းတော်ကြီး ကန်ကို ဇီဝအဝန်းနယ်မြေအဖြစ် အခုသတ်မှတ်တာဟာ ဒုတိယမြောက်ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးက နိုင်ငံပေါင်း တစ်ရာကျော်မှာ ဇီဝအဝန်းနယ်မြေ ခြောက်ရာကျော် ရှိပါတယ်။