ဘိန်းစိုက်ပျိုးမှု ပပျောက်အောင် မြန်မာနိုင်ငံကို ကူစေလို
2012.02.28

Photo courtesy of Pimuk Rakkanam
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မူးယစ် ဆေးဝါးနှိမ်နင်းရေး အေဂျင်စီရုံးမှာ ဒီကနေ့မနက် ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ကမ္ဘာ့ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ရဲ့ ဒေသဆိုင်ရာ ကိုယ်စားလှယ် Mr. Gary Lewis က
“မြန်မာနဲ့ လာအိုနိုင်ငံတို့ဟာ ဒေသတွင်းမှာ သိသာထင်ရှားတဲ့ ပမာဏဖြစ်တဲ့ ဘိန်းဖြူ စိုက်ပျိုးထုတ်လုပ်မှု အများဆုံးအဖြစ် ဆက်လက်ရှိနေတဲ့ နှစ်နိုင်ငံဖြစ်ပါတယ်။ ဒေသတွင်းမှာ ဘိန်းစိုက်ပျိုးး ထုတ်လုပ်မှု အများဆုံးဖြစ်တဲ့ မြန်မာနိုင်ငံကို
ဦးတည် ပြောရမယ်ဆိုရင် မြန်မာနိုင်ငံဟာ ကမ္ဘာ့ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုရဲ့ လေးပုံတစ်ပုံကို ဆက်လက်စိုက်ပျိုးနေပါတယ်” လို့ ပြောပါတယ်။
ကမ္ဘာ့ကုလသမဂ္ဂ မှုးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး (UNODC)နဲ့ ပူးတွဲလုပ်ဆောင်နေတဲ့ (INCB)ရဲ့ အစီရင်ခံစာမှာ အာဖဂန်နစ္စတန်ပြီးရင် မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဒုတိယမြောက် ဘိန်းထုတ်လုပ်ရာ နိုင်ငံဖြစ်ပြီး ၂၀၀၇ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်
အထိ လေးနှစ်တာ ကာလအတွင်း ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု ဆက်လက် တိုးပွားလာနေတယ်လို့ ဖော်ပြထားပါတယ်။
ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုဟာ ၂၀၀၉ ခုနှစ်မှာ တန် ၃၃၀ ရှိရာကနေ ၂၀၁၀ မှာ တန် ၅၈၀ အထိ တိုးမြင့်ရတာဟာ ဘိန်းစိုက်ပျိုးရာ အစွန်အဖျား ကျေးလက်ဒေသတွေမှာ စားဝတ်နေရေး ဖူလုံမှုမရှိတာကြောင့် ဖြစ်တယ်လို့ အစီရင်ခံစာမှာ ပါရှိပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံဟာ မက်သာဖတ်တမင်း ဆေးပြား အများအပြား ထွက်ရှိရာဖြစ်ပြီး အဓိကအားဖြင့် တရုတ်၊ မြန်မာ၊ ထိုင်းနဲ့ လာအို လေးနိုင်ငံထိစပ်ရာ နယ်စပ်ဒေသတွေမှာ အများဆုံးဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
ဒါပေမယ့် မြန်မာအစိုးရဟာ ဧက၂၁၀၀၀ ရှိတဲ့ ဘိန်းစိုက်ပျိုး ဧရိယာတွေနဲ့ ဖမ်းဆီးရမီတဲ့ မူးယစ်ဆေဝါးတွေကို ဖျက်ဆီးနိုင်ခဲ့တယ်လို့လည်း Mr gary ကဆိုပါတယ်၊
INCB အဖွဲ့ကြီးရဲ့ ဗဟိုဦးစီး အဖွဲ့ဝင်တဦးဖြစ်တဲ့ Dr Virooj Sumyai ဗီရော့ ဆူမြိုင်ကတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ ပြောင်းလဲ တိုးတက်မှုတချို့ ရှိလာတဲ့အတွက် ဘိန်းစိုက်ပျိုးမှု ပပျောက်ရေးအတွက် မြန်မာကို ပိုမိုကူညီဖို့ လိုတယ်လို့ ဆိုပါတယ်။
“ကျွန်တော်တို့ အနေနဲ့ ကမ္ဘာ့လူ့အဖွဲ့အစည်းကို တောင်းဆိုလိုတာကတော့ ဒီဘိန်းစိုက်ပျိုးမှု ပြဿနာကို ဖြေရှင်းဖို့ မြန်မာပြည်ကို ပိုမို ကူညီပေးစေလိုတာပါပဲ။ ဘာကြောင့်လဲဆိုတော့ သူတို့မှာ လိုအပ်တဲ့ အရင်းအမြစ်တွေ မဲ့နေလို့ပါ” လို့ INCB
အဖွဲ့ကြီးရဲ့ ဗဟို ဦးစီးအဖွဲ့ဝင်တစ်ဦး ဖြစ်တဲ့ Dr Virooj Sumyai ပြောဆိုသွားပါတယ်။