အိန္ဒိယနယ်စပ်မှာ မြန်မာငွေသိန်းနှစ်ထောင်ကျော် သယ်လာသူခြောက်ဦး ဖမ်းဆီးခံရ
2024.08.26

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှာ မြန်မာငွေစက္ကူကျပ် သိန်းနှစ်ထောင့်ငါးရာငါးဆယ့်ငါးသိန်းကို ဖမ်းဆီးရမိပြီး သံသယရှိတဲ့သူ ခြောက်ယောက်ကိုပါ ဖမ်းဆီးခဲ့တယ်လို့ အိန္ဒိယအခြေစိုက် သတင်းဌာနတွေမှာ မနေ့က ဖော်ပြကြပါတယ်။
အိန္ဒိယစစ်တပ် အာသံရိုင်ဖယ်ရဲ့ ထုတ်ပြန်ချက်မှာ မီဇိုရမ်ပြည်နယ် ရဲတပ်ဖွဲ့ နှင့်အတူ ချန်ဖိုင်းခရိုင်ထဲမှာ စစ်ဆေးနေစဥ် မြန်မာငွေစက္ကူတွေကို သယ်ဆောင်လာတဲ့ မော်တော်ယာဉ် နှစ်စီးကို သြဂုတ် ၂၂ ရက်က ဖမ်းဆီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဖမ်းဆီးခံရတဲ့ ခြောက်ယောက်ဟာ မီဇိုရမ်ရမ်ပြည်နယ်ထဲမှာပဲ နေထိုင်ကြတဲ့ လူတွေလို့ ဆိုပါတယ်။ သူတို့ကို ဖမ်းမိ ငွေစက္ကူတွေနဲ့အတူ ချန်ဖိုင်းရဲစခန်းကို လွှဲထားပြီး ဥပဒေအရ အရေးယူဖို့ ဆောင်ရွက်နေတယ်လို့ အိန္ဒိယသတင်းဌာနက EastMojo က ရေးသားထားပါတယ်။
အိန္ဒိယ - မြန်မာနယ်စပ်မှာ ရှိတဲ့ မီဇိုရမ်ပြည်နယ်ဘက်မှာ မြန်မာစစ်ဘေးဒုက္ခသည်တွေ ခိုလှုံနေကြပါတယ်။ မြန်မာဘက်ကိုပို့မယ့် စစ်ဘက်ရေးရာ ဆက်သွယ်ရေး စကားပြောစက် (Walkie Talkie) ၊ ဖောက်ခွဲရေး ပစ္စည်းတွေ မူးယစ်ဆေးဝါးနဲ့ ဆက်စပ်တာတွေအပြင် တရားမဝင် ငွေတွေကိုပါ အဲဒီနယ်စပ်ဒေသမှာ ဖမ်းဆီးရမိလေ့ရှိပါတယ်။