တရားမဝင် သတ္ထုတူးတဲ့ ကုမ္ပဏီတွေကို တရားစွဲမည်
2016.10.05

တနင်္သာရီတိုင်းဒေသကြီး တနသာၤရီမြို့နယ် ကြိမ်ချောင်းတလျှောက်မှာ တရားမဝင် သတ္ထုတူးဖော်နေတဲ့ ကုမ္ပဏီတွေကို ရပ်နားဖို့ ညွှန်ကြားထားပေမယ့် ဆက်လက်တူးဖော်နေတာကြောင့် အဲဒီကုမ္ပဏီတွေကို တရားစွဲဆို သွားမယ်လို့ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင် က ပြောပါတယ်။
အကြိမ်ကြိမ်ရပ်နားဖို့ သတိပေးထားတာကို မလိုက်နာတာကြောင့် တရားစွဲသွားမှာဖြစ်တယ်လို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင် က ပြောပါတယ်။
" အသေးစိတ်တော့ မစုံစမ်းရသေးဘူး။ ကျနော်တို့ သူတို့ကို သတိပေးတဲ့အပိုင်းက ပြီးသွားပြီ၊ နှစ်ကြိမ်သုံး ကြိမ်လောက်ရှိနေပြီ၊ နောက်ထပ်ကတော့ တရားစွဲဆိုတဲ့ အဆင့်ပဲ ရှိတော့တယ်"
တနင်္သာရီမြို့နယ် ကြိမ်ချောင်းထဲမှာ ကုမ္ပဏီ ၁၀၀ ကျော်က တရားမဝင် သတ္တုတူးဖော်နေပြီး အဲဒီသတ္ထုလုပ် ငန်းတွေကနေ စွန့်ပစ်လိုက်တဲ့ရေ ဆိုးတွေကြောင့် ချောင်းအနီးက ကျေးရွာတွေမှာ စိုက်ပျိုးရေး လုပ်ကိုင်လို့ မရတော့တာ၊ ငါးတွေ မျိုးတုန်းလာတာတွေ ဖြစ်လာတဲ့အတွက် ဒေသခံတွေက အစိုးရအဖွဲ့ထံ တိုင်ကြားထား တာဖြစ်ပါတယ်။
ဒေသခံတွေရဲ့ တိုင်ကြားချက်ကြောင့် ပြီးခဲ့တဲ့ သြဂုတ်လကုန်လောက်က ဝန်ကြီးဦးမြင့်မောင် ဦးဆောင်ပြီး တရားမဝင် သတ္ထုတူးဖော်နေတာတွေကို ရပ်နားဖို့ ညွှန်ကြားခဲ့တာဖြစ်ပါတယ်။
အဲဒီညွှန်ကြားချက်ကို မလိုက်နာကြောင်း ဆက်လက်တူးဖော်နေကြဆဲဖြစ်ကြောင်း ဒေသခံတွေက ထပ်မံတိုင်ကြား လာတယ်လို့လည်း ဝန်ကြီး ဦးမြင့်မောင် က ပြောပါတယ်။
တနင်္သာရီတိုင်းအတွင်းမှာ တရားဝင်သတ္ထုတူးဖော်ခွင့် ရထားတဲ့ လုပ်ငန်း ၈ ခု ရှိပြီး အဲဒီလုပ်ငန်းတွေ ကိုလည်း တိုင်းအစိုးရအဖွဲ့က ကွင်းဆင်းစစ်ဆေးထား ပါတယ်။
အဲဒီလုပ်ငန်း ၈ ခုထဲက သဘာဝပတ်ဝန်းကျင်နဲ့ လူမှုပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့ ရေဆိုးစွန့်ပစ်တဲ့ ဟိန္ဒား သတ္ထုတွင်း၊ အရှေ့တိုင်းသတ္တုတွင်း၊ ဝေသတ္ထုတွင်း တို့ကို လုပ်ငန်းလည်ပတ်ခွင့် ယာယီရပ် ဆိုင်းထားပါတယ်။