တိုက်ပွဲမှာ ဖမ်းဆီးရမိတဲ့ စစ်သည်များ လွှဲပြောင်းရေး ICRC က ကြားဝင်ဆောင်ရွက်ပေးဖို့ အသင့်ရှိလို့ ပြောဆို
2018.05.26
တိုက်ပွဲမှာ ဖမ်းဆီးရမိထားတယ်ဆိုတဲ့ စစ်သည်များ လွှဲပြောင်းရေးနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရှိ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ ICRC က ကြားဝင်ဆောင်ရွက်ပေးဖို့ အသင့်ရှိတယ်လို့ ပြောဆိုပါတယ်။
အစိုးရတပ်မတော်နဲ့ ကချင်ပြည်နယ်မှာ KIA ကချင်လွတ်မြောက်ရေးအဖွဲ့များနဲ့ တိုက်ပွဲများ ဖြစ်ပွားနေသလို AA ရက္ခိုင့်တပ်မတော်နဲ့ တိုက်ပွဲများ ဖြစ်ပွားနေပါတယ်။ တိုက်ပွဲများမှာ AA က အစိုးရတပ်မတော်က စစ်သည်သုံးဦးနဲ့ KIA က တပ်မတော် အရာရှိတစ်ဦးအပါအဝင် ၆ ဦး ဖမ်းမိထားတယ်လို့ ကြေညာထားပါတယ်။
ဖမ်းမိထားတဲ့ စစ်သည်များ ပြန်လည်လွဲပြောင်းရေးအတွက် ICRC အနေနဲ့ ကြားကဆောင်ရွက် ပေးနိုင်ပါတယ်လို့ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ICRC အဖွဲ့က Fabrizio Carboni က ပြောပါတယ်။ ICRC ရဲ့ အဓိကလုပ်ငန်းဟာ အကျဉ်းသားတွေ ပြောင်းရွေ့ရေးနဲ့ သက်ဆိုင်ပြီး တစ်ကမ္ဘာလုံးမှာ ဆောင်ရွက်ပေးနေတာဖြစ်တယ်လို့ ဆိုပါတယ်။ ICRC အနေနဲ့ ကြားနေပြီး ပါဝင်ပတ်သက်တဲ့ အဖွဲ့အစည်းတွေကြား ပွင့်ပွင့်လင်းလင်းနဲ့ ယုံကြည်မှုရှိစေဖို့ ဆောင်ရွက်ပေးတာဖြစ်တယ်လို့ ဆိုပါတယ်။
ICRC အနေနဲ့ ၂၀၁၅ ခုနှစ်က AA အဖွဲ့က လွဲပြောင်းပေးတဲ့ အစိုးရတပ်မတော် စစ်သည်များကို ဘင်္ဂလာဒေ့ရ်ှနိုင်ငံမှာ လွဲပြောင်းယူခဲ့ဖူးပါတယ်။