ဆွီဒင်မှာ ကျင်းပတဲ့ ဥပဒေ ညီလာခံ NLD ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့

ဆွီဒင်နိုင်ငံ စတော့ဟုန်းမြို့မှာ ကျင်းပတဲ့ လူထု အခြေပြု အဖွဲ့အစည်း များနဲ့ ပတ်သက်တဲ့ ဥပဒေရေးရာ ကမ္ဘာလုံးဆိုင်ရာ ညီလာခံကို NLD ပါတီဝင် နှစ်ဦး တက်ရောက်ပြီး မနေ့က ပြန်လည်ရောက် ရှိလာတယ်လို့ သိရပါတယ်။

2011.08.26

ညီလာခံကို အပြည်ပြည်ဆိုင်ရာ ဥပဒေရေးရာ အဖွဲ့အစည်း တခုဖြစ်တဲ့ ICNL က ကြီးမှူး ကျင်းပတာ ဖြစ်ပြီး ညီလာခံ ကျင်းပရေး ကော်မတီ ဥက္ကဌက ဒေါ်အောင်ဆန်းစုကြည်ကို ညီလာခံအဖွင့် မိန့်ခွန်း တောင်းခံရင်း NLD ပါတီကို ဖိတ်ကြားခဲ့တာပါ။

ပါတီ ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ခုလိုပြောပါတယ်။

“ICNL ကျင်းပရေး ကော်မတီအဖွဲ့ ဥက္ကဌက ကျနော်တို့ အထွေထွေ အတွင်းရေးမှူးကို ညီလာခံကျင်းပမယ် အဲဒီ ညီလာခံမှာ အန်အဲလိဒီကို ကိုယ်စားပြုပြီး ကိုယ်စားလှယ် နှစ်ဦးစေလွှတ်ပါ။ အထွေထွေ အတွင်းရေးမှူး ကိုလည်း နှုတ်ခွန်းဆက် ဗီဒီယို မိန့်ခွန်း ပေးပို့ပါလို့ တောင်းခံပါတယ်။ အဲဒါကြောင်း ကျနော်တို့ အဖွဲ့ချုပ်က နှစ်ယောက်ကို ရွေးချယ်ပြီး စေလွှတ် လိုက်တာပါပဲ”

ဒီညီလာခံမှာ လူထု အခြေပြု အဖွဲ့အစည်းနဲ့ ပတ်သက်တဲ့ ဥပဒေ ပြဌာန်းချက်များ လုပ်ဆောင်ချက်များကို ဆွေးနွေးတယ်လို့ သိရပါတယ်။ ညီလာခံကို တက်ရောက်ခဲ့တဲ့ NLD ပါတီ ဗဟို ဥပဒေ အထောက် အကူပြု အဖွဲ့ဝင် ဦးသိန်းဟန်က ညီလာခံနဲ့ ပတ်သက်ပြီး ခုလိုပြောပါတယ်။

“တချို့နိုင်ငံတွေမှာ cival societies တွေက ဥပဒေနဲ့ အညီဖွင့်ထားတယ်။ အစိုးရနဲ့လည်း ပူးပေါင်း ဆောင်ရွက်တယ်။ အကူအညီလည်း ရတယ်။ တချို့ နိုင်ငံတွေမှာ မရှိသေးဘူး။ မရှိသေးတဲ့ နိုင်ငံတွေနဲ့ ရှိပြီးသားနိုင်ငံတွေက ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးခြင်း အားဖြင့် cival societies တွေမှာ ဥပဒေနဲ့ အညီ ခိုင်ခိုင်မာမာ ဖွဲ့စည်းလာနိုင်အောင် ရည်ရွယ်ပြီး ဖိတ်တာပါပဲ”

ညီလာခံကို ဦးသိန်းဟန်နဲ့ အတူ ရှမ်းပြည်နယ် NLD ပါတီ ဗဟို ဥပဒေ အထောက်အကူပြု အဖွဲ့ဝင် ဒေါ်မြမဉ္ဇူ တို့ တက်ရောက် ခဲ့တာ ဖြစ်ပါတယ်။ ညီလာခံကို သြဂုတ်လ ၂၁ ရက် နေ့ကနေ ၂၃ ရက် နေ့အထိ ကျင်းပ ခဲ့တာပါ။ ညီလာခံ တက်ရောက်ခဲ့သူ နှစ်ဦးက NLD ပါတီ ဗဟို ဥပဒေ အထောက် အကူပြု ဥက္ကဌ ဦးတင်ဦးကို အစည်းအဝေး အတွေ့အကြုံတွေကို ဒီကနေ့ လာရောက် တင်ပြတယ်လို့ သိရပါတယ်။

ဒီ ညီလာခံနဲ့ ပတ်သက်ပြီး ဆက်သွယ် မေးမြန်းချက်ကို နားဆင်ပါ။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။