မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် ဘတ်ဂျက်ငွေမရှိသေး

မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် အနေနဲ့ လိုအပ်တဲ့ ဘတ်ဂျက်ငွေ မရှိတာကြောင့် လတ်တလောမှာ သမ္မတရုံးရဲ့ အထောက်အပံ့နဲ့ ဆက်လက်ရပ်တည်သွားမှာ ဖြစ်တယ်လို့ ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြက ပြောပါတယ်။

2012.03.29
u-win-mara-b305 မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြ ဖြစ်ပါသည်။
RFA

ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်နေ့က လူ့အခွင့်အရေးကော်မရှင်က လွှတ်တော်ကို တင်ပြတဲ့ ဘတ်ဂျက်တင်ပြချက်ကို လူ့အခွင့်အရေးကော်မရှင်ဟာ ပြည်ထောင်စုအစိုးရ ဗဟိုအဖွဲ့အစည်း မဟုတ်တာကြောင့် တင်ပြငွေကို ပြည်ထောင်စုလွှတ်တော်က ပယ်ချခဲ့တာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးကော်မရှင်က ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ပြီး ဗုဒ္ဓဟူးနေ့ ညနေပိုင်းမှာ သတင်းမီဒီယာ ၁၃ ဖွဲ့နဲ့ တွေ့ဆုံခဲ့ပါတယ်။ RFA က ဒီကိစ္စကို မေးမြန်းရာမှာ လူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြက အခုလိုပြောပါတယ်။

"ဧပြီလ ၁ ရက်ကစပြီး ပိုပြီးကျယ်ကျယ်ပြန့်ပြန့် စနစ်တကျ ဆောင်ရွက်သွားဖို့အတွက် ငွေပိုပြီးတော့ လိုလာပါတယ်။ ဒါကြောင့်မို့လို့ လွှတ်တော်ကို တင်ပြတောင်းဆိုခဲ့တဲ့အခါမှာ constitution ရဲ့ ပြဋ္ဌာန်းချက်ထဲမှာ မပါတဲ့အတွက်ကြောင့်မို့လို့ သူတို့ ခွင့်မပြုခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဆက်လက်ပြီးတော့ သီးခြားအဖွဲ့အစည်းအနေနဲ့ ရှင်သန်နိုင်အောင် သမ္မတရုံးကနေပြီးတော့ သင့်လျော်တဲ့ ဘတ်ဂျက်အောက်ကနေပြီးတော့မှ ငွေပေးရမှာ ဖြစ်ပါတယ်ခင်ဗျ။ အဲဒီ ရန်ပုံငွေနဲ့ ကျွန်တော်တို့ ဆက်လက် ရပ်တည်သွားရမှာ ဖြစ်ပါတယ်"

လူ့အခွင့်အရေးကော်မရှင် အနေနဲ့ ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျက် ကျပ်သန်း ၅၀၀ တင်ပြခဲ့တာဖြစ်ပြီး အခုမရရှိသေးတာကြောင့် သမ္မတရုံးက အသေးသုံးစရိတ်များကို ထုတ်ပေးနေတာ ဖြစ်တယ်လို့ ကော်မရှင်အတွင်းရေးမှူး ဦးစစ်မြိုင်က ပြောပါတယ်။

အခုလို ဘတ်ဂျက်များ မရရှိပေမဲ့ ကော်မရှင် ဆောင်ရွက်ရမဲ့ လုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင်သွားမှာဖြစ်ပြီး တစ်ဖက်ကလည်း ဘတ်ဂျက်ရရှိရေးအတွက် လူ့အခွင့်အရေးကော်မရှင် ဥပဒေကြမ်းအား စတင်ရေးဆွဲနေပြီး သမ္မတရဲ့ သဘောတူညီချက်ရပါက လွှတ်တော်မှ အတည်ပြုချက် ရယူသွားမယ်လို့ ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြက RFA ကိုပြောသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။