ရခိုင်လူ့အခွင့်အရေး အဖွဲ့ ထိုင်းနိုင်ငံမှာ ထူထောင်
2011.10.07

Photo: Shwe Gas Movement
ဒီအဖွဲ့ကို ဖွဲ့စည်းကြောင်း လာမယ့် တနင်္ဂနွေနေ့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမယ်လို့ အဲဒီအဖွဲ့က ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
ရခိုင်ပြည်သူတွေ နေ့စဉ် ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို မြန်မာနဲ့ နိုင်ငံတကာက သိအောင် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ရခိုင်လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ရဲ့အမှုဆောင်ဒါရိုက်တာ ကိုအောင်မင်းဦးက ပြောပါတယ်။
“အဓိကကတော့ ရခိုင်ပြည်နယ်ထဲမှာ လယ်ယာမြေ သိမ်းမှုတွေ အများကြီး ဖြစ်ပါတယ်။ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းရယ်၊ ရေနံ ပိုက်လိုင်းစီမံကိန်းရယ် ဒီစီမံကိန်းတွေကြောင့် စစ်တပ်တွေက တိုးချဲ့လာတယ်။ အဲဒီမှာ မြေယာသိမ်းတာတွေ လူ့အခွင့်အရေးချိုးဖောက်မှုတွေ လူတွေကို စစ်တန်းချားတွေ ဆောက်လုပ်တဲ့ နေရာတွေမှာ သုံးတယ်။ လမ်းတံတားဆောက်တဲ့နေရာမှာ သုံးတာတွေ တွေ့ရပါတယ်။ ဒါတွေကို မှတ်တမ်းပြုစုပြီးတော့ နိုင်ငံတကာကို တင်ပြသွားမှာ ဖြစ်ပါတယ်”
ရခိုင်လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က မြန်မာနိုင်ငံမှာ တိုးတက် ပြောင်းလဲမှုတွေ ရှိနေပြီလို့ ပြောနေကြသော်လည်း ရခိုင်ပြည်နယ်တွင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဒီကနေ့ အချိန်ထိ ဆက်ရှိနေဆဲပဲလို့ ကြေညာချက် ထုတ်ပြန် ခဲ့ပါတယ်။
အခုဖွဲ့စည်းလိုက်တဲ့ ရခိုင်လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှာ ဒါရိုက်တာ (၉)ဦး နဲ့ အကြံပေးပုဂ္ဂိုလ် (၃) ဦး ပါဝင် ကြောင်း သိရပါတယ်။