မြန်မာပြည် လူအခွင့်အရေးချိုးဖေါက်ဆဲဟု ကန် ပြောကြား


2018.04.21
rakhine-fence-622.jpg ရခိုင်ပြည်နယ် နယ်စပ်ခြံစည်းရိုးမှာ လုံခြုံရေးယူနေတဲ့ ရဲသားတစ်ဦးကို တွေ့ရစဉ်
Photo: Htet Arkar/RFA

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ နှစ်အတွင်း အစိုးရက တာဝန်ရှိသူတချို့ကို အရေးယူခဲ့ပေမယ့် လူ့အခွင့်အရေး ချိုးဖေါက်မှု အများအပြား ဆက်လက်ပေါ်ပေါက်နေဆဲပဲလို့ အမေရိကန်အစိုးရက ပြောကြားလိုက်ပါတယ်။

နိုင်ငံခြားရေးဌာနက သောကြာနေ့ မနေ့က ထုတ်ပြန်တဲ့ ၂ဝ၁၇ ခုနှစ် လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သား အစိုးရဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးစီးတဲ့ လုံခြုံရေးတပ်ဖွဲ့တွေအပေါ် တစ်စုံတရာ အမိန့်ပေးနိုင်ခြင်း မရှိကြောင်းလည်း ဖေါ်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်း ရခိုင်ပြည်နယ်မှာ တာဝန်ချထားတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံ အစွန်းရောက် လက်နက် ကိုင်တွေက ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး ရှင်းလင်းမှုတွေ လုပ်ဆောင်ခဲ့ရာမှာ ဥပဒေမဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ မုဒိမ်းကျင့်၊ မီးရှို့ခြင်း စတာတွေ ပါဝင်ကြောင်းနဲ့ အလားတူ လူအခွင့်အရေး ချိုးဖေါက်မှုတွေဟာ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် အပါအဝင် တခြား စစ်မက်ဖြစ်ပွားရာ ဒေသတွေမှာလည်း ပေါ်ပေါက်ခဲ့ကြောင်း ဖေါ်ပြထားပါတယ်။

တဆက်တည်းမှာပဲ လွတ်လပ်စွာကိုးကွယ်ခွင့်၊ ပြောဆိုရေးသားခွင့်၊ စုဝေးခွင့် နဲ့ လူနည်းစုတွေရဲ့ ခရီးသွားလာခွင့် ဆိုင်ရာ ပိတ်ပင်ကန့်သတ်မှုတွေ၊ ကလေးလုပ်သားခိုင်းစေမှုတွေလည်း ဆက်လက်ဖြစ်ပွားခဲ့ကြောင်း၊ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတချို့ကလည်း လူ့အခွင့်အရေးချိုးဖေါက်ခဲ့ကြောင်း၊ အကျင့်ပျက်ခြစားမှု ပပျောက်ရေးကို အစိုးရက လုပ်ဆောင်နေပေမယ့် ဆက်လက်ဖြစ်ပေါ်နေပြီး အစိုးရအဖွဲ့အတွင်း ပွင့်လင်းမြင်သာမှုလည်း ကင်းမဲ့ နေဆဲဖြစ်ကြောင်း စသဖြင့် ပါရှိပါတယ်။

ဒါ့အပြင် အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ၂ဝ၁၇ ခုနှစ် လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာမှာ တရုတ်၊ ရုရှား၊ မြောက်ကိုရီးယားနဲ့ အီရန်နိုင်ငံတွေမှာလည်း လူ့အခွင့်အရေးချိုးဖေါက်မှုတွေ နေ့စဉ်နဲ့အမျှ ပေါ်ပေါက်နေတဲ့အတွက် မတည်မငြိမ်မှုတွေ ဆက်လက်ဖြစ်ပွားနေကြောင်း ဖေါ်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။