ထီးလင်းမြို့နယ် ပုဏ္ဏားရွာက ဒေသခံကိုးဦး ဖမ်းဆီးခံရ

မကွေးတိုင်း၊ ထီးလင်းမြို့နယ် ပုဏ္ဏားရွာကို စစ်ကောင်စီတပ်က စက်တင်ဘာ ၂၇ ရက် မနေ့မနက်ပိုင်းမှာ ဝင်ရောက်စီးနင်းခဲ့ပြီး ကလေးငယ်လေးဦးအပါအဝင် အရပ်သားကိုးဦးကို ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
စစ်ကောင်စီတပ်သား ၁၂၀ ဝန်းကျင်ဟာ မနေ့က မနက်အစောပိုင်းမှာ ရွာထဲကို လက်နက်ကြီး၊ လက်နက်ငယ်တွေ ပစ်ခတ်ပြီး ဝင်ရောက်စီးနင်းခဲ့သလို ဒေသခံတွေကို ဖမ်းဆီးခဲ့တယ်လို့ ပုဏ္ဏားရွာ ဒေသခံတစ်ဦးက ပြောပါတယ်။
“ရွာသား အယောက် ၃၀ လောက်ကို ဖမ်းဆီးသွားတယ်။ လမ်းရောက်တဲ့အခါမှာ သူတို့ လူတွေကို ပြန်လွှတ်တယ်။ ရွာသား ကိုးယောက်ကိုတော့ ထီးလင်းမြို့ပေါ်အထိ ဖမ်းခေါ်သွားတယ်။ အဖမ်းခံရတဲ့ ကိုးယောက်ထဲမှာ အသက်မပြည့်သေးတဲ့ ကလေး လေးယောက်ပါတယ်”
စစ်ကောင်စီတပ်သားတွေ ရွာကို ရုတ်တရက် ဝင်စီးတာကြောင့် ထွက်ပြေးချိန်မရလိုက်ဘဲ အရပ်သားတွေဟာ ရွာထဲမှာပဲ ပိတ်မိပြီး စစ်ကောင်စီတပ်သားတွေရဲ့ စစ်ဆေးမေးမြန်းမှု တွေကို ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီ့အပြင် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေကို မထောက်ခံဖို့ စစ်ကောင်စီတပ်သား တွေက ပုဏ္ဏားရွာသားတွေကို စည်းရုံးခဲ့သလို နေအိမ်လေးလုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီစီးနင်းမှုအတွင်း အရပ်သား ထိခိုက်ဒဏ်ရာရတာ မရှိခဲ့ဘူးလို့ ဆိုပါတယ်။
ပုဏ္ဏားကျေးရွာကို ဝင်ရောက်စီးနင်းခဲ့တာက စစ်ကောင်စီရဲ့ ခလရ - ၅၀ တပ် ဖြစ်ပြီး မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် အခြေစိုက် တပ်ရင်းတစ်ခုဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ မကွေးတိုင်း စစ်ကောင်စီပြောခွင့်ရ ဦးစိုးပိုင်မြင့်ကို RFA က ဒီကနေ့ ဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
ပုဏ္ဏားရွာက အရပ်သားကိုးဦးကို ဖမ်းဆီးခဲ့တာနဲ့ ပတ်သက်လို့ စစ်ကောင်စီကလည်း ဒီကနေ့အထိ သတင်းတစ်စုံတစ်ရာထုတ်ပြန်တာ မရှိသေးပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စက်တင်ဘာ ၂၇ ရက် ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ အရပ်သား ၁၂,၅၁၉ ဦး ဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်။