နိုင်ငံရေး အကျဉ်းသား ပြန်လွှတ်ရာမှာ လက်ရှိ တရားစွဲခံနေရသူတွေ ပါဝင်သင့်
2013.12.23
သမ္မတ ဦးသိန်းစိန်အနေနဲ့ ၂၀၁၃ ခုနှစ်ကုန်မှာ နိုင်ငံရေးအကျဉ်းသား လုံးဝမရှိစေရ ဆိုတဲ့ ကတိကဝတ်အတိုင်း ဆောင်ရွက်သင့်တဲ့အပြင်၊ ပြန်လွှတ်တဲ့အခါမှာလည်း လက်ရှိနိုင်ငံရေးပတ်သက်မှုနဲ့ တရားစွဲခံနေရ သူ ၂၀၀ ကျော် ပါဝင်သင့်ကြောင်း HRW လူ့အခွင့်အရေးအဖွဲ့က မနေ့က တိုက်တွန်းလိုက်ပါတယ်။
မြန်မာအစိုးရဟာ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း နိုင်ငံရေးအကျဉ်းသား ပြန်လွှတ်တဲ့ကိစ္စမှာ ထင်ထင်ရှားရှား ခရီးရောက်ခဲ့ပါတယ်၊ ဒါပေမယ့် အပြီးမသတ်သေးပါဘူး၊ ပြီးခဲ့တဲ့နှစ်က အဖမ်းခံခဲ့ရတဲ့ တက်ကြွလှုပ်ရှားသူ အများအပြားအပါအဝင် ပွင့်ပွင့်လင်းလင်းပြောဆိုမှုနဲ့ အကျဉ်းကျနေရသူတွေအားလုံးကို အမြန်ပြန်လွှတ်သင့်ပါတယ်လို့ HRW အာရှတိုက်ဆိုင်ရာ ဒု ညွှန်ကြားရေးမှူး ဖီးလ် ရောဘတ်ဆန်က ပြောပါတယ်။
ဒါ့ပြင် သမ္မတ ဦးသိန်းစိန်အနေနဲ့ နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီၤရဲ့ လုပ်ပိုင်ခွင့်တွေကို ပြန်လည် ပြင်ဆင်ပေးသင့်ကြောင်း၊ ဒါမှသာ အရင်စစ်အစိုးရလက်ထက်က ဥပဒေဟောင်းတွေနဲ့ ဖမ်းဆီး တရားစွဲဆိုထားတဲ့ နိုင်ငံရေးမှုတွေကို ကိုင်တွယ်ဖြေရှင်းနိုင်မှာဖြစ်ကြောင်း၊ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေအပေါ် တရားစွဲဆိုနိုင်တဲ့ ဥပဒေသစ်တွေကိုလည်း ပြဌာန်းပေးသင့်ကြောင်း HRW လူ့အခွင့်အရေးအဖွဲ့က တိုက်တွန်းလိုက်ပါတယ်။