ဖားကန့်မှာ စစ်တပ်ကင်းစခန်းတစ်ခု တိုက်ခိုက်မီးရှို့ခံရ

RFA Burmese
2023.01.26
ဖားကန့်မှာ စစ်တပ်ကင်းစခန်းတစ်ခု တိုက်ခိုက်မီးရှို့ခံရ ဖားကန့်မြို့နယ် မှော်ဆီစာရွာအနီးတွင် လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ် ကင်းစခန်း မီးလောင်နေသည်ကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်ဆီစာရွာအနီးက တောင်ကုန်း ပေါ်မှာ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်ရဲ့ ကင်းစခန်းတစ်ခုကို ကချင် လွတ်မြောက် ရေး တပ်မတော် (KIA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (KPDF) တို့ ပူးပေါင်းပြီး ဇန်နဝါရီ ၂၅ ရက်နေ့ ည ၈ နာရီက တိုက်ခိုက်မီးရှို့လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လုံခြုံရေးယူနေတဲ့ တပ်မ ၃၃ လက်အောက်ခံ စစ်ကောင်စီတပ်သား ခြောက်ဦးခန့် ရှိနေပြီး နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ပြီးနောက်ပိုင်း မီးရှို့ခံလိုက်ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လုံးခင်းဒေသခံတစ်ဦးက ပြောပါတယ်။

"မီးမရှို့ခင်က အပြန်အလှန် ပစ်သံ ငါးမိနစ်လောက်တော့ ကြားပါတယ်။ ပြီးတော့ အဲဒီဘက်က မီးတောက်တွေ တက်လာတာပဲ။ မီးရှို့ပြီးတော့ ကာကွယ်ရေးတပ်တွေ ပြန်ထွက်သွားတော့ အဲဒီရဲကင်းနားက ဘုရားကုန်းပေါ်ကို စစ်တပ်က ရောက်လာပြီး လက်နက်ကြီးနဲ့ ၁ နာရီလောက် ဆက်တိုက်ပစ်တယ်"

စစ်ကောင်စီတပ်ဘက်က ထိခိုက်ဒဏ်ရာရတာတွေ ရှိပေမယ့် အရေအတွက်ကိုတော့ အတိအကျ မသိရဘူးလို့ ဆိုပါတယ်။

ဇန်နဝါရီ ၂၆ ရက် ဒီနေ့မနက်မှာတော့ မှော်ဆီဇာရွာနားကို လုံခြုံရေး တင်းတင်းကျပ်ကျပ်နဲ့ စစ်ကောင်စီတပ် အင်အား ၂၀ ကျော်က စစ်ဆေးမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်လူမှုရေး ဝန်ကြီး ဦးဝင်းရဲထွန်းကို RFAက တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

ဇန်နဝါရီလ ၂၆ ရက် ဒီနေ့ မနက်မှာလည်း ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာမှာ စခန်း ချထားတဲ့ ရှမ်းနီတပ်မတော် (SNA) ရဲ့ စခန်း သုံးခုကို KIA က တိုက်ခိုက်သိမ်းပိုက်ခဲ့တယ် လို့ KIA နဲ့ နီးစပ်သူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။