ဖားကန့်မြို့နယ် ဆယ်ဇင်းရွာက အဖမ်းခံရသူတွေထဲ နှစ်ဦးပြန်မလွတ်သေး

2022.07.26
ဖားကန့်မြို့နယ် ဆယ်ဇင်းရွာက အဖမ်းခံရသူတွေထဲ နှစ်ဦးပြန်မလွတ်သေး ကင်းစောင့်နေတဲ့ စစ်ကောင်စီတပ်သားတွေကို တွေ့ရစဥ်
RFA

စစ်ကောင်စီက ဖမ်းဆီးထားတဲ့ ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာသား ၅ ဦးထဲက ၃ ဦးကို ပြန်လွှတ်ပေးခဲ့ပေမဲ့ ၂ ဦးကို ဆက်ပြီး ဖမ်းထားတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

ဇူလိုင်လ ၂၃ ရက် စနေနေ့မှာ စစ်ကောင်စီက ဆယ်ဇင်းရွာကို ပိတ်ဆို့စစ်ဆေးပြီး ဒီလူတွေကို ဖမ်းဆီးသွားတာဖြစ်တယ်လို့ ဆယ်ဇင်းဒေသခံတစ်ဦးက ပြောပါတယ်။

“သုံးယောက်တော့ လွတ်လာပြီ။ နှစ်ယောက်တော့ ကျန်သေးတယ်။ လမ်းတွေပိတ်ပြီးတော့ တစ်အိမ်တက် တစ်အိမ်ဆင်း စစ်တယ်။ ဖုန်းတွေစစ်တယ်။ စစ်ကြောင်းထိုးလာပြီတို့ စာပို့ထားတာ တွေ့ရင်ဖမ်းတယ်။ အခုထိ ဖမ်းခံနေရတဲ့ ကလေးနှစ်ယောက်ထဲက တစ်ယောက်က သူ့သူငယ်ချင်းရဲ့ PDF ဝတ်စုံနဲ့ ဓာတ်ပုံရိုက်ထားတဲ့ ပုံပါနေတော့ မလွတ်နိုင်ဘူး ဖြစ်နေတယ်။ တကယ်တော့ သူက သာမာန်ပြည်သူပဲ။”

လက်ရှိ ဖမ်းဆီးခံနေဆဲ နှစ်ယောက်မှာ အသက် (၂၅) နှစ်အရွယ် ကိုတက်တိုးနဲ့ အသက် ၂ဝ ဝန်းကျင် ကိုပါဝါတူး ဆိုသူတွေဖြစ်ပြီး၊ ဆယ်ဇင်းတပ်စခန်းကုန်းမှာ ဖမ်းထားဆဲဖြစ်တယ်လို့ ပြောပါတယ်။

အခုချိန်ထိလည်း ဟိုပင်၊ မိုးညှင်းဘက်ကနေ ဖားကန့်ဘက်ကို တက်လာတဲ့ ကားတွေကို တာမခံကျော်နားမှာ စစ်ကောင်စီတပ်တွေက ဆယ်ဇင်းဘက် အဝင်မခံဘဲ ပိတ်ထားတယ်လို့ ပြောပါတယ်။

ဖားကန့်မြို့နယ် ဆယ်ဇင်းရွာဘက်မှာ ဇွန်လ ၃ဝ ရက်ကတည်းက စစ်ရေးတင်းမာမှုတွေဖြစ်နေပြီး၊ တိုက်ပွဲတွေကြောင့် ဆယ်ဇင်းဒေသခံ တစ်ထောင်လောက်ဟာလည်း တာမခံဟောင်ပါး၊ အင်းတော်ကြီး၊ နန့်မွန်းမြို့ဘက်တွေကို ထွက်ပြေးခဲ့ကြရပါတယ်။

ဒီရက်ပိုင်း တိုက်ပွဲတွေ ငြိမ်နေပေမဲ့၊ ဒေသခံတွေဟာ ရွာမပြန်ရဲကြသေးသလို၊ အလုပ်အကိုင်မရှိတဲ့အတွက် စားဝတ်နေရေးပါ အခက်အခဲဖြစ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆယ်ဇင်းကျေးရွာမှာ အိမ်ထောင်စု (၁ဝဝဝ) ကျော်ရှိပြီး စစ်ကောင်စီ တပ်မ ၃၃ ထိုင်တဲ့ကျေးရွာလည်း ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။