ဘားအံမြို့မှာ လေးကြိမ်မြောက် ရေထပ်ကြီး
2018.09.06
ကရင်ပြည်နယ် ဘားအံမြို့မှာ သံလွင်မြစ်ရေတက်တာကြောင့် လေးကြိမ်မြောက် ရေထပ်ကြီးနေပြီး ရေဘေး ကယ်ဆယ်ရေးစခန်း ၁၁ ခုမှာလည်း ရေဘေးဒုက္ခသည် ၈၅၀၀ ကျော်အတွက် စားနပ်ရိက္ခာ လိုအပ်နေတယ်လို့ သိရပါတယ်။
မြစ်ရေပြန်တက်လာတဲ့အတွက် ရေဘေးဒုက္ခသည်တွေ ပြန်တိုးလာပြီး စားနပ်ရိက္ခာ လိုအပ်နေတာလို့ ဘားအံမြို့မှာ ရေဘေးကူညီရေးဆောင်ရွက်နေတဲ့ ကရင်လူငယ်မောင်မယ်အဖွဲ့က ကိုအောင်မိုး ကပြောပါတယ်။
"လူဦးရေ ၈၅၀၀ကျော်လောက်ရှိမယ်၊ အဓိကမြို့ပေါ် ရေဘေးကယ်ဆယ်ရေးစခန်းတွေမှာရှိမယ်၊ တချို့ကလည်း ရေ ၃ပေခွဲလောက်ကျတော့ ပြန်ဆင်းသွားတဲ့လူတွေရှိတယ်၊ အခုကျတော့လည်း ပြန်တိုး လာတော့ ပြန်တက်လာတာပေါ့၊ နောက်ခုရေတက်ကြာတဲ့အခါကျတော့ စားနပ်ရိက္ခာလိုမယ် နောက် ကျွဲနွားတွေအတွက် စားဖို့ရိက္ခာလိုမယ်၊ လူတွေအတွက်လည်း စားဖို့ရိက္ခာလိုမယ်"
သံလွင်မြစ်ရေဟာ မနေ့က မနက်ပိုင်းကစလို့ ရေတက်နေတာဖြစ်ပါတယ်။ စိုးရိမ်ရေအမှတ် အထက်ကို ၃ကြိမ်မြောက ်ကျော်လွန်ရောက်ရှိတာဖြစ်ပြီး မြို့ပေါ် ရက်ကွက် ၉ခုက မြေနိမ့်ပိုင်းတွေနဲ့ လမ်းတချို့ မှာပါ ရေကြီးနစ်မြုပ်နေပါတယ်။
ဘားအံမြို့မှာ မြစ်ရေတက်ပြီး ရေကြီးနေတာ ရက်ပေါင်း ၄၀ကျော် ရှိနေပြီဖြစ်ပါတယ်။ ဒါဟာ နှစ်ပေါင်း ၅၀ ကျော်အတွင်း ရေဘေးဒုက္ခကို အဆိုးအဝါးဆုံးခံရတာလို့ ဒေသခံတွေကပြောပါတယ်။
ရက်ကြာရှည်လာတာကြောင့် အလှူရှင်တွေ လာရောက်တာလည်း နည်းပါးလာတယ်လို့သိရပါတယ်။
အလားတူ ဘားအံမြို့အပြင် ကယားပြည်နယ် ဖားဆောင်းမြို့နယ်မှာလည်း သံလွင်မြစ်ရေတက် တာကြောင့် မြစ်ကမ်းနားရှိနေအိမ်တွေ ရွှေ့ပြောင်းနေရပါတယ်။