အိမ်အကူတွေအတွက် ဥပဒေတစ်ရပ် ရေးဆွဲပြဌာန်းဖို့ လိုအပ်ကြောင်း ဝန်ကြီးပြော


2016.11.22
theinswe-minister-620.jpg အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ကို လွှတ်တော်မှာတွေ့ရစဉ်
.

မြန်မာနိုင်ငံမှာ အိမ်အကူအလုပ်သမားတွေနဲ့ ပတ်သက်တဲ့ ဥပဒေတစ်ရပ် ရေးဆွဲပြဌာန်းဖို့ လိုအပ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီး ဦးသိန်းဆွေက ဒီနေ့ ပြည်သူ့လွှတ်တော် မှာ ပြောကြားခဲ့ပါတယ်။

လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုး တင်သွင်းထားတဲ့ အိမ်အကူအလုပ်သမားတွေ အပါအဝင် အလုပ်သမားတွေကို ပြဌာန်းထားတဲ့ နည်းဥပဒေတွေနဲ့အညီ အလုပ်သမားမှတ်ပုံတင်ထားပြီးမှ ခန့်ထားဖို့နဲ့ အလုပ်ရှင်တွေက အလုပ်သမားတွေအပေါ် အဓမ္မခိုင်းစေတာ၊ ညှင်းပန်းနှိပ်စက်တာ စတဲ့ ဥပဒေမဲ့လုပ်ရပ်တွေ မလုပ်နိုင်အောင် ကာကွယ်တားဆီးပေးဖို့ တိုက်တွန်းကြောင်းအဆိုနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ ရှင်းလင်းဖြေ ကြားရာမှာ ဝန်ကြီး ဦးသိန်းဆွေက ပြောကြားခဲ့တာဖြစ်ပါတယ်။

အိမ်အကူအလုပ်သမားတွေကို သီးသန့်အကာအကွယ်ပေးမယ့် ဥပဒေစည်းမျဉ်းစည်းကမ်းတွေ မရှိကြောင်း နဲ့ ပြည်တွင်းအိမ်အကူလုပ်ငန်းတွေအတွက် တရားဝင်မှတ်ပုံတင်ထားတဲ့ အိမ်အကူရှာဖွေရေးအေဂျင်စီတွေလည်း မရှိကြောင်း ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဥပဒေတွေရဲ့ အားနည်းချက်ကြောင့် အသက်မပြည့်တဲ့ အိမ်အကူနဲ့ အလုပ်သမားတွေအပေါ် အလုပ်ရှင်နဲ့ အိမ်ရှင်တွေက ညှင်းပန်းနှိပ်စက်မှုတွေ မကြာခဏဖြစ်ပေါ်နေတယ်လို့ အဆိုကို ပါဝင်ဆွေးနွေးခဲ့တဲ့ ကိုယ်စားလှယ်တွေက ထောက်ပြခဲ့ကြပါတယ်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနအနေနဲ့ အိမ်အကူအလုပ်သမားတွေ အပါအဝင် ကျန်တဲ့အလုပ်သမားတွေရဲ့ အရေးကို ဥပဒေနဲ့အတိုင်း ရပိုင်ခွင့်တွေရရှိဖို့ လုပ်ဆောင်နေတာကြောင့် အဆိုကို မှတ်တမ်းတင်စောင့်ကြည့်ဖို့ ဝန်ကြီးက ပြောကြားခဲ့တဲ့အတွက် အဆိုကို ပြည်သူ့လွှတ်တော်က မှတ်တမ်းတင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။