မြန်မာအိမ်ဖေါ် စင်္ကာပူ အလိုရှိ
2013.11.12
ဖိလစ်ပိုင်နိုင်ငံက အိမ်ဖေါ်တွေ ဈေးကြီးမြင့်လာနေတဲ့အတွက် စင်္ကာပူနိုင်ငံဟာ အရှေ့တောင်အာရှက ကမ္ဘောဒီးယားနဲ့ မြန်မာလို ဆင်းရဲတဲ့ အိမ်နီးချင်းနိုင်ငံတွေဘက်ကို လှည့်လာနေတယ်လို့ International Business Times သတင်းစာက ဖေါ်ပြလိုက်ပါတယ်။
အရင်က စင်္ကာပူနိုင်ငံရဲ့ အိမ်ဖေါ်လိုအပ်ချက် (၉၀) ရာနှုန်းကျော်ကို ဖိလစ်ပိုင်နိုင်ငံက ဖြည့်ဆည်းပေးနေတာ ဖြစ်ပေမယ့်၊ အခုအခါ ဖိလစ်ပိုင်အိမ်ဖေါ် ငှားရမ်းခတွေ မြင့်တက်သွားခဲ့တာကြောင့် စင်္ကာပူရဲ့ ငှားရမ်းနှုန်းဟာ ၂၀ - ၃၀ ရာနှုန်းလောက် ကျဆင်းသွားခဲ့ပါတယ်။
ဖိလစ်ပိုင်နိုင်ငံဟာ နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် ILO မှာ အိမ်ဖေါ်လုပ်ငန်းကို တရားဝင်မှတ်ပုံတင်ထားတဲ့ တစ်ခုတည်းသောနိုင်ငံဖြစ်ပါတယ်။ ILO စည်းမျဉ်းအရ အိမ်ဖေါ်ပွဲစားကုမ္ပဏီတွေဆီကနေ ဖိလစ်ပိုင်အိမ်ဖေါ်တွေ ငှားရမ်းတဲ့အခါ၊ အိမ်ဖေါ်ရဲ့လစာအပြင် ပွဲစားခ၊ ဝန်ဆောင်ခတွေကိုပါ ငှားရမ်းသူက ပေးရပါတယ်။
အခုလို ဖိလစ်ပိုင်အိမ်ဖေါ်ငှားရမ်းခ မြင့်တက်လာတာ၊ ဖိလစ်ပိုင်အစိုးရရဲ့ တင်းကြပ်တဲ့ စည်းမျဉ်းတွေကြောင့် သိမ်မွေ့ပြီး ကျိုးနွံနာခံသူတွေလို့ သိထားကြတဲ့ ကမ္ဘောဒီးယားနဲ့ မြန်မာလိုနိုင်ငံတွေက အိမ်ဖေါ်တွေကို လိုချင်သူတွေ ပိုများလာနေတယ်လို့ စင်္ကာပူ အလုပ်သမား NGO အဖွဲ့တစ်ဖွဲ့က ပြောပါတယ်။
အဲဒါကြောင့် အခုအခါ ကမ္ဘောဒီးယားအစိုးရက ရှေ့ပြေးအစီအစဉ်အဖြစ် အိမ်ဖေါ် ၄၀၀ စင်္ကာပူကိုစေလွှတ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ကမ္ဘောဒီးယား အိမ်ဖေါ်တွေဟာ ရတဲ့လစာထဲကနေ ပွဲစားခ၊ ဝန်ဆောင်ခတွေ ပေးရမှာဖြစ်တဲ့အပြင်၊ ကမ္ဘောဒီးယား အစိုးရကလည်း စည်းမျဉ်းစည်းကမ်း တစုံတရာ သတ်မှတ်မထားဘူးလို့ ဆိုပါတယ်။
မြန်မာအစိုးရကလည်း ပြည်ပကို အိမ်ဖေါ်လုပ်ငန်းစေလွှတ်ဖို့ စဉ်းစားနေကြောင်း ဒီနှစ်ဆန်းပိုင်းက သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။