တာဝန်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း လာမည့်လွှတ်တော်မှာ အတည်ပြုနိုင်မည်
2015.08.16
လွှတ်တော်ကိုယ်စားလှယ် တာဝန်ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို လာမယ့် သြဂုတ်လ ၁၈ ရက်နေ့ မှာ ပြန်လည်ကျင်းပမယ့် ၁၂ ကြိမ်မြောက် လွှတ်တော်အစည်းအဝေးမှာ အတည်ပြုသွား ဖို့ရှိတယ်လို့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက ပြောပါတယ်။
လာမယ့်လွှတ်တော်အစည်းအဝေးမှာ ဆွေးနွေးအတည်ပြုမယ့် ဥပဒေကြမ်းတွေနဲ့ ပတ်သက်ပြီး ဒီနေ့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက အစည်း အဝေးပြုလုပ်ပြီး ဆုံးဖြတ်ခဲ့တာလို့ ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက ပြောပါတယ်။
"လွှတ်တော်ကိုယ်စားလှယ်တာဝန်မှပြည်လည်ရုပ်သိမ်းခြင်း ဥပဒေကို ဥပဒေကြမ်း ပူးပေါင်းကော်မတီက လွှတ်တော် ကိုအတည်ပြုနိုင်ဖို့အတွက် အစီရင်ခံစာ တင်ပြပြီးပါပြီ၊ အဲ့လိုတင်ပြတဲ့အထဲမှာ သဘောကွဲလွဲချက် ၁၀ ချက်အပြင် ထူးခြားတဲ့အနေအထားရ လွှတ်တော်က ပြန်လည်စဉ်းစားသင့်တယ်ဆိုတဲ့ အချက်ကို တင်ပြထားပါတယ်၊ ဒီဥပဒေပြ ဌာန်းလိုက်ရင် အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးကို ထိခိုင်နိုင်တဲ့ တိုင်းရင်း သားစည်းလုံးညီညွတ်ရေးကို ထိခိုက်နိုင်တဲ့ အချက်ကိုသုံးသက်ပြီးလွှတ်တော်မှာရှိတဲ့ ပါတီတွေတိုင်ပင်ပြီးတော့ သဘောထားကိုရယူပြီး၊ လွှတ်တော်ကိုဥပဒေကြမ်း ကော်မတီက ပြန်လည်အစီရင်ခံ တင်ပြပါလို့ ဆုံးဖြတ်ထားတာရှိပါတယ်၊ အဲ့ဒါတွေ ဆွေးနွေးပြီးရင် ပြည်တင်ပြမှာပါ၊ လွှတ်တော်အစည်းအဝေး ၁၈ ရက်စရင် တောက်လျှောက်ဆွေးနွေး သွားမှာပါ"
လက်ရှိမှာ ကိုယ်စားလှယ်အဖြစ်ကနေ ရုပ်သိမ်းပေးဖို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ တိုင်ကြားခံထားရ သူတွေဟာ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းအပါအဝင် ၁ဝ ဦး ခန့်ရှိ တယ်လို့ သိရပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လွှတ်တော်ကိုယ်စားလှယ် တာဝန်ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေကြမ်း ကို ရေးဆွဲပြီး ပြည်ထောင်စုလွှတ်တော်ထံ ပေးပို့ထားတာ ၃ နှစ်နီးပါးရှိနေပြီး အတည်ပြုပေးဖို့အတွက် ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်က ပြီးခဲ့တဲ့ သြဂုတ်လ ၁၃ ရက်နေ့က လွှတ်တော်ကို စာပေးပို့ခဲ့ပါတယ်။
အဲဒီဥပဒေကြမ်းမှာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို တာဝန်ကနေရုပ်သိမ်းပေးဖို့ သက်ဆိုင်ရာမဲဆန္ဒနယ်က မဲဆန္ဒရှင် တစ်ရာခိုင်နှုန်းက တောင်းဆိုမယ်ဆိုရင် ကော်မရှင်ကစစ်ဆေးရမှာ ဖြစ်တယ်လို့ ပါရှိပါတယ်။
ဥပဒေကြမ်းကော်မတီအတွင်းရေးမှူး ဦးစောလှထွန်းကို ကို ဒေါ်ခင်ခင်အိက မေးမြန်းထားပါတယ်။