လှည်းကူးမှာ စစ်ကောင်စီခန့်ထားတဲ့ ရာအိမ်မှူး သေနတ်နဲ့အပစ်ခံရ
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ရိပ်သာရပ်ကွက်မှာ စစ်ကောင်စီက ခန့်အပ်ထားတဲ့ ရာအိမ်မှူးတစ်ဦး သေနတ်နဲ့ အပစ်ခံရတယ်လို့ ရပ်ကွက်ဒေသခံတွေက ပြောပါတယ်။
ရန်ကင်း (၆) လမ်းမှာ နေထိုင်တဲ့ ရာအိမ်မှူး ဦးအောင်ဌေးနိုင်ဟာ ဇူလိုင် ၃ ရက် မနေ့ညနေပိုင်းက အိမ်ရှေ့ ကွမ်းယာဆိုင်မှာ ကွမ်းထွက်ဝယ်ချိန် အမည်မသိသူ တချို့က သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ လက်မှာ ကျည် ထိမှန်ခဲ့ပြီး လှည်းကူးဆေးရုံကို ပို့ထားတယ်လို့ အဲဒီဒေသခံက ပြောပါတယ်။
"သူက ကွမ်းထွက်ဝယ်တာ။ သူနေတဲ့ ရန်ကင်းရဲ့ အရှေ့ဘက်မှာ နိဗ္ဗာန်လမ်းဆိုတာ ရှိတယ်။ ကွမ်း ထွက်ဝယ်ရင်းနဲ့ သေနတ်နဲ့ ပစ်ခံရတာ။ လက်လုပ်သေနတ်နဲ့ပဲတဲ့ အပစ်ခံရတာတဲ့၊ သူ့ကိုရပ်ကွက်က ဒလန်လို့တော့ ပြောကြတယ်။ မနေ့ကညက ဆေးရုံမှာ ကျည်ထုတ်တယ်လို့တော့ ကြားတယ်။ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူးလို့ ပြောတယ်။"
ဒီနေ့မနက်ပိုင်းမှာတော့ လှည်းကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးရှေ့မှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက လမ်းသွားလမ်းလာဆိုင်ကယ်တွေကို စစ်ဆေးရှာဖွေနေပြီး တချို့ကိုလည်း ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
လှည်းကူး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF က အဲဒီရာအိမ်မှူးကို သူတို့ပစ်ခတ်ခဲ့ကြောင်း၊ လှည်းကူးမြို့မှာ ပြည်သူ့သစ္စာဖောက် စစ်ကောင်စီသတင်းပေးတွေအနေနဲ့ သတင်းပေးတာတွေကို ရပ်တန်းက ရပ်ဖို့နဲ့ မရပ်ရင် ထပ်ပြီးတိုက်ခိုက်သွားမယ်လို့ သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ တရားဝင် ထုတ်ပြန်ထားပါတယ်။