လှိုင်သာယာမှာ ဗုံးပေါက်လို့ တစ်ဦးသေ၊ သုံးဦး ဒဏ်ရာရ
2024.02.03

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် (အနောက်ပိုင်း) အပြင်ပဒံရွာက နေအိမ်တစ်လုံးရှေ့မှာ ဖေဖော်ဝါရီ ၂ ရက် ည ၇ နာရီခွဲဝန်းကျင်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တာကြောင့် လူတစ်ဦး သေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အသက် ၄၆ နှစ်အရွယ် ကိုသက်နိုင်ထွန်း သေဆုံးခဲ့ပြီး အသက် ၃၉ နှစ်အရွယ် ဒေါ်ခင်ငြိမ်းအေး၊ အသက် ၁၅ နှစ်အရွယ် မအဲလိဇဘက်နဲ့ အသက် ၂၀ အရွယ် မမေမြတ်နိုးတို့ ဒဏ်ရာရရှိခဲ့တာပါ။
ဒဏ်ရာရသူတွေကို မင်္ဂလာဒုံ ခုတင်တစ်ထောင် စစ်ဆေးရုံကို သယ်ဆောင်သွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လှိုင်သာယာမြို့နယ် ပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“ဖြစ်စဉ်က မှန်ပါတယ်။ လှိုင်သာယာမှာ ဒီလိုဖြစ်တယ်ဆိုပြီး စက်လှမ်းပေါက်တာ ကြားရတယ်။ အဲလို ဖောက်ခွဲရေးပစ္စည်းတွေနဲ့ ဖြစ်စဉ်ဆိုရင် မင်္ဂလာဒုံ ခုတင်တစ်ထောင်စစ်ဆေးရုံကို ကျွန်တော်တို့ ပို့ရပါတယ်”
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို ရန်ကုန်တိုင်း၊ စစ်ကောင်စီ ပြောခွင့်ရသူ ဦးဌေးအောင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
ဗုံးပေါက်ကွဲမှုဖြစ်ပွားတဲ့အိမ်ဟာ အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) လက်မှတ်ထိုးထားတဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖက် ကရင်ငြိမ်းချမ်းရေးကောင်စီ (KNLA-PC) က အရာရှိနေအိမ်ဖြစ်တယ်လို့ ဒေသခံတွက ပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ KNLA-PC ပြောခွင့်ရသူ ဗိုလ်မှူးကြီး စောကျော်ညွန့်ကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။