လှိုင်သာယာမှာ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး ပစ်သတ်ခံရ

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ အမှတ် (၂၀) ရပ်ကွက်ရဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးတင်မောင်ဝင်းဟာ စက်တင်ဘာလ ၂ ရက် ဒီနေ့ မနက် ၈ နာရီခန့် ရွှေလင်ဗန်းစက်မှုဇုန်ထဲက ဗန်မော် အတွင်းဝန်လမ်းမပေါ်မှာ သေနတ်နဲ့ အပစ်ခံရပြီး သေဆုံးသွားပါတယ်။
သေဆုံးမှုဖြစ်ပြီးမကြာခင် စစ်ကောင်စီအဖွဲ့ဝင်တွေ ရောက်ရှိလာပြီး စစ်ဆေးနေချိန် ဗုံး နှစ်လုံး ထပ်ပေါက်ကွဲ ခဲ့တာကြောင့် စစ်ကောင်စီဘက်က အရာရှိတစ်ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့လည်း လှိုင်သာယာအခြေစိုက် သတင်းအရင်းမြစ် HTY information က ဖော်ပြထားပါတယ်။
အလောင်းကိုတော့ ရွှေလင်ပန်းအခြေစိုက် ပုညပါရမီ လူမှုကူညီရေး ပရဟိတအဖွဲ့ကားနဲ့ လှိုင်သာယာ ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။
အပစ်ခံရတဲ့ ဦးတင်မောင်ဝင်းဟာ အမှတ် (၂၀) ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင် (၁) ဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီထံ သတင်းပေးတာတွေ လုပ်နေတာကြောင့် ဖမ်းဆီးခံရသူတွေ ရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဒီပစ်ခတ်မှုနဲ့ ပေါက်ကွဲမှုကို ဘယ်အဖွဲ့ဘက်က လုပ်တယ်ဆိုတာတော့ တိတိကျကျ မသိရသေးပါဘူး။
ပြီးခဲ့တဲ့ ဩဂုတ်လ ၂၃ ရက်နေ့ ညက လှိုင်သာယာမြို့နယ် စနေမမှတ်တိုင်ထိပ်နားမှာရှိတဲ့ စစ်ကောင်စီရဲ့ အထည်ချုပ်စက်ရုံနဲ့ ဩဂုတ်လ ၃၀ ရက်နေ့ညမှာ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် (၅) ထိပ်မှာရှိတဲ့ ရဲစခန်းရှေ့မှာ အဝေးထိန်းဗုံးနဲ့ အသီးသီးဖောက်ခွဲခဲ့တယ်လို့ လှိုင်သာယာမြို့ပြ ပြောက်ကျားတပ်ဖွဲ့ (CGF HTY) က ထုတ်ပြန်ထားပါတယ်။