အမေရိကန် နိုင်ငံခြားရေးဝန်ကြီး နေပြည်တော် ရောက်
2011.11.30

AFP
နိုင်ငံခြားရေး ဝန်ကြီးဟာ သင်္ဂဟ ဟိုတယ်မှာ တည်းခိုနေပြီး အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နဲ့လည်း တွေ့ဆုံမယ်လို့ သိရပါတယ်။ မွန်းလွဲပိုင်းမှာတော့ သင်္ဂဟ ဟိုတယ်မှာ သတင်းစာ ရှင်းလင်းပွဲ ကျင်းပမယ်လို့ နေပြည်တော်ကို ရောက်ရှိနေတဲ့ ပြည်သူ့ခေတ် ဂျာနယ် အယ်ဒီတာ ဆရာ ဦးဖေမြင့်က ပြောပါတယ်။
နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ဟာ တောင်ကိုရီးယား နိုင်ငံက တစ်ဆင့် မြန်မာနိုင်ငံကို ရောက်လာခဲ့တာပါ။ မြန်မာနိုင်ငံကို မထွက်ခွာခင် ကျင်းပခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သွားရောက်တဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာ နိုင်ငံရေး စီးပွားရေး အပြောင်းအလဲတွေနဲ့ ပတ်သက်လို့ လက်ရှိ အစိုးရရဲ့ သဘောထား အမှန်ကို ကိုယ်တိုင်ကိုယ်ကျ သိမြင် ဆုံးဖြတ်နိုင်ဖို့ ဖြစ်ကြောင်း မိမိတို့နဲ့တကွ နိုင်ငံအများ အနေနဲ့ မြန်မာပြည်မှာ ခပ်စိပ်စိပ်လေး ဖြစ်ပေါ်နေတဲ့ အပြောင်းအလဲတွေဟာ မြန်မာပြည်သူတွေ အတွက် အကျိုးကျေးဇူး များမယ့် ပြောင်းလဲ လှုပ်ရှားမှုကြီး တစ်ရပ် အသွင်ကို ကူးပြောင်းသွားလိမ့်မယ်လို့ မျှော်လင့်နေကြကြောင်း ပြောဆိုခဲ့ပါတယ်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ဟာ နေပြည်တော်မှာ အစိုးရ အဖွဲ့နဲ့ တွေ့ဆုံပြီးရင် ရန်ကုန်မြို့ကို ဆက်လက် ထွက်ခွာပြီး ဒီဇင်ဘာ ၂ ရက်ကျရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှာပါ။ တွေ့ဆုံအပြီးမှာ သတင်းစာ ရှင်းလင်းပွဲတစ်ရပ် ကျင်းပဦးမယ်လို့ သိရပါတယ်။
ဟီလာရီ ကလင်တန်ဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုဦးစီး အဖွဲ့ဝင်တွေနဲ့လည်း တွေ့ဆုံမယ်လို့ သိရပါတယ်။
အဲဒီလို တွေ့ဆုံရာမှာ အဖွဲ့ချုပ် ဒု ဥက္ကဋ္ဌ ဦးတင်ဦးက မလွတ်သေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ဖို့ကိစ္စ၊ နိုင်ငံရေး လုပ်ဆောင်ရာမှာ ပိုပြီး ချောချောမောမော ဖြစ်ဖို့ ကိစ္စ၊ တိုင်းရင်းသား အရေး ပြေပြစ်အောင် ဆောင်ရွက်ဖို့ လိုအပ်နေသေးတဲ့ ကိစ္စ၊ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ဆောင်ရွက်နေတာတွေ ဆက်လက် တိုးတက်ဖို့ ကိစ္စတွေ အဖွဲ့ချုပ်ဘက်က ဆွေးနွေး တင်ပြဖို့ ရှိတယ်လို့ ပြောပါတယ်။
အမေရိကန် သမ္မတ အိုဘားမား အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ကျင်းပခဲ့တဲ့ အာဆီယံ ညီလာခံကိုအသွား လေယာဉ်ပေါ်ကနေ ဒေါ်အောင်ဆန်းစုကြည်နဲ့ တယ်လီဖုန်း ပြောဆိုခဲ့ပြီးတဲ့နောက် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ရဲ့ မြန်မာပြည် ခရီးစဉ် ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒု ဥက္ကဋ္ဌ ဦးတင်ဦးကို ဦးခင်မောင်စိုးမင်းက ဆက်သွယ် မေးမြန်းထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |